ရေး၊ ဇန်နဝါရီ ၂၄
မွန်ပြည်နယ် ရေးမြို့နယ်မှာ ရွာစဉ်လှည့်ပြီး စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်ကော်မရှင်တပ်က ဒေသခံပြည်သူတွေကို အကြောင်းပြချက် အမျိုးမျိုးနဲ့ လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ဒုတိယအပတ်ကစလို့ ရေးမြို့နယ် မြောက်ပိုင်းဒေသဘက်မှာ ရွာစဉ်လှည့်ပြီး စစ်ကြောင်းပတ်ထိုးနေတာ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၁၅ ရက်နေ့ကနေ ဇန်နဝါရီ ၂၃ ရက်နေ့အထိ ရေးဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်ထိ တစ်ဦးမှ ပြန်မလွတ်လာသေးဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံတွေဟာ ကနင်ကမော့ရွာက ဒေသခံ ခုနှစ်ဦး၊ ဆုံဆည်းမြိုင်ရွာ ဒေသခံ နှစ်ဦး၊ မော့ကနင်ရွာက ဒေသခံ တစ်ဦး ပါဝင်ပါတယ်။
ဖမ်းဆီးထားတဲ့ ဒေသခံပြည်သူတွေကို မော့ကနင်ရွာအခြေစိုက် အမှတ် ၁၀၆ ခြေလျင်တပ်ရင်းနဲ့ ရေမြို့မရဲစခန်းတွေမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ စစ်ကော်မရှင်တပ်နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ် ဖမ်းဆီးထားတဲ့သူတွေဟာ ခြံလုပ်သားတွေနဲ့ လမ်းသွားလမ်းလာနေတဲ့ ဒေသခံ လူငယ်တွေသာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဇန်နဝါရီ ၂၃ ရက်နေ့အထိ ကနင်ကမော့ကျေးရွာအုပ်စု ပတ်ဝန်းကျင်မှာ ဆက်ရှိနေတဲ့အတွက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေပါတယ်။
ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ရွာစဉ်လှည့် စစ်ကြောင်းထိုးမှုကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

