လောင်းလုံး၊ ဇန်နဝါရီ ၂၄

တနင်္သာရီ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ရေးဆင်နွှဲခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ မောင်းမကန်ရဲစခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု အချိန် ၁၅ မိနစ်နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုပြီးနောက် စစ်ကော်မရှင်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ကြောင်းပြန်ဆုတ်ရာ ပန်းတင်အင်းကျေးရွာကို စစ်ကြောင်းထိုးခဲ့ပေမယ့် နာရီပိုင်းအကြာမှာပဲ စစ်ကြောင်းပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မောင်းမကန်ရဲစခန်းကို စစ်ကော်မရှင်ဘက်က အင်အား ၅၀ ကျော် ဖြည့်တင်းပြီး ဝင်ရောက်တပ်စွဲထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ထံကနေ သိရပါတယ်။

မောင်းမကန်ကမ်းခြေအနီးမှာ ရှိတဲ့ မောင်းမကန်ရဲစခန်းကို အာဏာသိမ်းကာလအတွင်း တော်လှန် ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို ဝင်ရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပဖို့ ရှိနေတဲ့ လောင်းလုံးမြို့နယ်မှာတော့ စစ်ကော်မရှင်တပ်က မြို့အဝင်အထွက် နေရာတွေမှာ လုံခြုံရေး အထူးတင်းကျပ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.