ဘားအံ ဇန်နဝါရီ ၂၄
စစ်ကော်မရှင်က ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ရွေးကောက်ပွဲမဟုတ်သလို လူထုတွေအနေနဲ့လည်း ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ မြို့နယ်ဥက္ကဌတွေက တိုက်တွန်းပြောကြားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်က အတုအယောင်ရွေးကောက်ပွဲ ကျင်းပနေတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး KNU မြို့နယ်ဥက္ကဌတွေရဲ့ ပြောဆိုချက် ရုပ်သံဗီဒီယိုတွေကို ထုတ်ပြန်ထားတာပါ။
“ပြည်သူတွေကလည်း တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ အားလုံးနီးပါးသိကြတယ်။ ပြောချင်တာကတော့ ဒါက စစ်မှန်တဲ့ရွေးကောက်ပွဲမဟုတ်သလို နိုင်ငံအတွက် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ယူဆောင်လာနိုင်မှာမဟုတ်ဘူးဆိုတာ ပြည်သူတွေကို အသိပေးပြောကြားချင်ပါတယ်” လို့ KNU ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ဥက္ကဌ ပဒိုစောဆာပုလဲဒီဝမ်းက ဆိုပါတယ်။
KNU ဒူးပလာယာခရိုင် နို့တကောမြို့နယ်ဥက္ကဌ ပဒိုစောဒူးကော်ကတော့ စစ်တပ်ဟာ သူတို့အာဏာတည်မြဲရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းလာတာရှိပြီး သူတို့ဘက်မရပ်တည်တဲ့လူတွေကိုလည်း ကြောက်ရွံ့အောင် အမိန့်မျိုးစုံထုတ်ကာ ခြောက်လန့်နေလိမ့်မယ်လို့ ဆိုထားပါတယ်။
စစ်တပ်က ဘယ်လိုပဲခြောက်လှန့်နေပါစေ ပြည်သူလူထုတွေအနေနဲ့ သတိဝိရိယရှိရှိ နိုးနိုးကြားကြားတက်တက်ကြွကြွနေပြီး ညီညီညွတ်ညွတ်နဲ့ အတူရင်ဆိုင်ကျော်ဖြတ်ကြဖို့ KNU နို့တကောမြို့နယ်ဥက္ကဌက တိုက်တွန်းပါတယ်။
“သူတို့အတွက် ထွက်ပေါက်က တစ်လမ်းပဲရှိတယ်။ ဒီလမ်းက မမှန်ဘူးဆိုတာ လူတိုင်းသိကြတယ်။ ပြည်သူလူထုကို ပြောချင်တာက ဒီ မမှန်တဲ့လမ်းကြောင်းကို ကျွန်တော်တို့ အားပေးအားမြောက်မိရင် ကျွန်တော်တို့လည်း မမှန်တဲ့လူဖြစ်သွားမယ်။ မမှန်တဲ့လူရဲ့ လမ်းကို လိုက်တဲ့သူတွေပဲဖြစ်သွားမယ်။ မှန်လား မှားလားဆိုတာ သေသေချာချာသုံးသပ် စဉ်းစားတွေးခေါ်ပြီး မမှန်တဲ့လမ်းကို ကျွန်တော်တို့ပြည်သူအားလုံး တမျိုးသားလုံးက ၀ိုင်းဝန်းဆန့်ကျင်ကြပြီး ဒီမမှန်တဲ့အရာကို နောက်လာမယ့် မျိုးဆက်တွေဆီမှာ မရှင်သန်စေချင်ဘူး။ ဒီမမှန်တဲ့အရာတွေကို ဒီမျိုးဆက်မှာပဲဖြုတ်ချပြီး အလျင်အမြန်ပျောက်ကွယ်စေချင်တယ်။” လို့ ပဒိုစောဒူးကော်က ဆိုပါတယ်။
KNU ခလယ်လွီထူခရိုင် ဆောထိမြို့နယ်ဥက္ကဌ ပဒိုစောဖားရက်ကလည်း စစ်တပ်ဟာ သူ့ရဲ့အာဏာတည်မြဲဖို့အတွက် ကြိုးပမ်းနေမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မှာကို မလိုလားဘူးဆိုပါက ပြည်သူတွေအနေနဲ့ အတုအယောင်ရွေးကောက်ပွဲမှာ တတ်နိုင်သမျှ မဲသွားမပေးဘဲ ဆန့်ကျင်ကြဖို့လိုတယ်လို့ တိုက်တွန်းပါတယ်။
“စစ်အာဏာရှင်အုပ်စုကတော့ သူ့အာဏာတည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေမှာပဲ။ သူတို့ရဲ့ ရွေးကောက်ပွဲအောင်မြင်ဖို့ ပြည်သူတွေမဲထည့်လာအောင် အတင်းအဓမ္မနည်းနဲ့ ဖြစ်စေ ဖမ်းဆီးနှိပ်စက်တဲ့နည်းနဲ့ဖြစ်စေ ကောက်ကျစ်တဲ့နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ဆောင်နေမှာပဲ။ ပြန်ကြည့်မယ်ဆိုရင် သူတို့ရဲ့ရွေးကောက်ပွဲကို လူထုတွေကလက်မခံဘူး။ နိုင်ငံတကာကလည်း အသိအမှတ်မပြုပါဘူး။ ဘာလို့လဲဆိုတော့ တကယ်ပါသင့်ပါထိုက်တဲ့ ပါတီတွေမပါလာဘူး။ လူထုထောက်ခံတဲ့ပါတီတွေ ပါလာရင် သူတို့ မဲမရမှန်းသိတော့ ပေးမပါတာလဲဖြစ်မယ်။ ဒါကြောင့်မို့လို့ လူထုတွေအနေနဲ့ ဒီရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ တိုက်တွန်းပါတယ်” လို့ ဆောထိမြို့နယ်ဥက္ကဌက ဆိုထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြန်ဆုံးပြုတ်ကျဖို့ လူထုတွေအနေနဲ့ တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်စေချင်ပြီး စစ်အာဏာရှင်နစ်ပြုတ်ကျသွားပါက မိမိတို့ KNU အနေနဲ့ ကိုယ့်လူထုတွေကို ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်နဲ့အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် ခေါင်းဆောင်တွေမှာ တာဝန်ရှိသလို လူထုတွေမှာလည်း တာဝန်ရှိတယ်လို့ ပဒိုစောဖားရက်က ဆိုပါတယ်။
စစ်အာဏာရှင်တွေရဲ့ ရွေးကောက်ပွဲဟာ မိမိတို့ ကရင်လူမျိုးအတွက် ဘာအကျိုးမှ မရှိသလို တခြားသောတိုင်းရင်းသားလူမျိုးတွေအတွက်လည်း ဘာမှ အကျိုးမရှိဘူးလို့ KNU မူတြော်ခရိုင် ဘူးသိုမြို့နယ်ဥက္ကဌ ပဒိုစောဆာယူမူးကလည်း ပြောပါတယ်။
ဒါကြောင့် စစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာ ဘယ်ပါတီဘယ်အစုအဖွဲ့ပဲ အနိုင်ရသည်ဖြစ်ပါစေ စစ်အုပ်စုကတော့ သူတို့ရဲ့အစီအစဉ်အတိုင်း အကောင်ထည်ဖော်နေမှာဖြစ်ပြီး မိမိတို့အနေနဲ့ စစ်အာဏာရှင်ဖြစ်စေချင်တဲ့အရာတွေကို ကူညီဖြည့်ဆည်းပေးသလိုမျိုး မဖြစ်ဖို့အရေးကြီးတယ်လို့ ပဒိုစောဆာယူမူးက ဆိုပါတယ်။
“ဒီမဟာလူမျိုးကြီးဝါဒီ စစ်အာဏာရှင်တွေဟာ ကရင်လူမျိုးတွေကို မချစ်ဘူး မလိုလားဘူး။ သူတို့က ကရင်လူမျိုးတွေကို အသုံးချဖို့အတွက်ပဲ စဉ်းစားနေတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကရင်လူမျိုးတွေဟာ စစ်အာဏာရှင်တွေရဲ့ အသုံးချခံမဖြစ်ဖို့ အရေးကြီးတယ်။ ကျွန်တော်တို့ဟာ စစ်အာဏာရှင်ဖြစ်စေချင်တဲ့အရာကို ကူညီဖြည့်ဆည်းပေးသလိုမျိုး မဖြစ်ဖို့အရေးကြီးတယ်။ ဒီစစ်အာဏာရှင်ရွေးကောက်ပွဲဟာ ဘယ်သူပဲနိုင်နိုင် ကျွန်တော်တို့အတွက် ဘာမှအကျိုးမရှိဘူး”လို့ KNU ဘူးသိုမြို့နယ်ဥက္ကဌက ဆိုပါတယ်။
စစ်အာဏာရှင်တွေဟာ နိုင်ငံတကာမှာ စကားပြောနိုင်ဖို့ သံခင်းတမန်ခင်းမှာ အကူအညီတောင်းနိုင်ဖို့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကြိုးစားနေတာဖြစ်ပြီး စစ်အာဏာရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အကူအညီမပေးမိဖို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ လိုသလို အဆုံးထိဆန့်ကျင်သွားရမယ်လို့လည်း KNU မူတြော်ခရိုင် ဘူးသိုမြို့နယ်ဥက္ကဌ ပဒိုစောဆာယူမူးက တိုက်တွန်းပြောကြားခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

