ပုလော၊ ဇန်နဝါရီ ၂၃
အထွေထွေရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပဖို့ ရှိနေတဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပုလောမြို့နယ် ရှပ်ပုံကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုနဲ့အတူ နှစ်ဖက်တိုက်ပွဲတွေကြောင့် ရှပ်ပုံ၊ ကြဲ၊ စက်တော်ရာ၊ ကျောက္ကာနဲ့ခန္ဓီကျေးရွာတို့က ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇန်နဝါရီ ၂၃ ရက်နေ့အထိ စစ်ကြောင်းပြန်မဆုတ်သေးတာကြောင့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေပြီး ဒေသခံတွေလည်း နေရပ်မပြန်နိုင်သေးပါဘူး။
စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုဟာ ပုလောမြို့ပေါ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့အတွက် ကျေးရွာတွေဘက်မှာ ကြိုတင်လုံခြုံရေးတဲ့ သဘောဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
လက်ရှိမှာလည်း စစ်ကော်မရှင်တပ်ဟာ ပုလောမြို့အဝင်အထွက် နေရာတွေမှာ အင်အား ရာနဲ့ချီ ထပ်မံဖြည့်တင်းထားပြီး မြို့တွင်းမှာလည်း လုံခြုံရေးအထူးတင်းကျပ်ထားပါတယ်။
ပုလောမြို့နယ်ဟာ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာပါဝင်ပြီး မြို့ပေါ်ရပ်ကွက် အများစုမှာသာ ရွေးကောက်ပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်

