လန်ဒန်၊ ဇန်နဝါရီ ၂၁
လန်ဒန်မြို့မှာ တရုတ်က သူတို့ရဲ့ သံရုံးကို ဥရောပမှာ ရှိရှိသမျှသံရုံးတွေထဲ အကြီးမားဆုံးအဖြစ် တည်ဆောက်မယ့် အစီအစဉ်ကို ဗြိတိန်အစိုးရက ဇန်နဝါရီ ၂၀ ရက်မှာ ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။
အဲဒီ ဧရာမ သံရုံးကို တရုတ်က လျှို့ဝှက်ထောက်လှမ်းရေး အခြေစိုက်စခန်းအဖြစ် အသုံးချလာနိုင်တယ်လို့ ဗြိတိန်နဲ့အမေရိကန် နိုင်ငံရေးသမားတွေက သတိပေးထားပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာဖို့ မျှော်လင့်ပြီး လန်ဒန်အစိုးရက အခုလိုမျိုး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

လန်ဒန် မျှော်စင်အနီး သက်တမ်း နှစ်ပေါင်း ၂၀၀ လောက်ရှိပြီဖြစ်တဲ့ ဒင်္ဂါးထုတ်စက်ရုံ နေရာမှာ တရုတ်က သူတို့ရဲ့ သံရုံးအသစ် တည်ဆောက်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒေသခံတွေ၊ လွှတ်တော်အမတ်တွေနဲ့ ဗြိတိန်ရှိ ဒီမိုကရေစီလိုလားတဲ့ ဟောင်ကောင် တက်ကြွလှုပ်ရှားသူတွေရဲ့ ကန့်ကွက်မှုကြောင့် သုံးနှစ်ကြာ ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။
အခုလ ဝန်ကြီးချုပ် ကီယာ စတာမာ တရုတ်သို့ သွားရောက်ဖို့ စီစဉ်ထားချိန်မှာ ဗြိတိန် အစိုးရရဲ့ အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီ ခရီးစဉ်ဟာ ၂၀၁၈ ခူနှစ် နောက်ပိုင်း ဗြိတိသျှခေါင်းဆောင် တစ်ဦးရဲ့ ပထမဆုံး ခရီးစဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။
အဲဒီ ခရီးစဉ်ဟာ တရုတ်သံရုံး တည်ဆောက်ရေး အစီအစဉ် ခွင့်ပြု၊ မပြု အပေါ်မှာ မူတည်နေတယ်လို့ ဗြိတိန်နဲ့တရုတ် အရာရှိတွေက ပြောဆိုထားပါတယ်။

လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေပေမယ့် အန္တရာယ်ကို လျှော့ချနိုင်ကြောင်း အစီအစဉ် ခွင့်ပြုမှု လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ ဗြိတိန် ထောက်လှမ်းရေးအေဂျင်စီတွေက ပြောပါတယ်။
နိုင်ငံတော် လုံခြုံရေးဟာ မိမိတို့ရဲ့ ပထမဦးစားပေး တာဝန် ဖြစ်ကြောင်း ဗြိတိန် အစိုးရရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ သုံးနှစ်ကြာခဲ့တဲ့ အဲဒီ လုပ်ငန်းစဉ်ဟာ အပြီးသတ် အကောင်အထည် ဖော်နိုင်ဖွယ် မရှိသေးပါဘူး။
ဒေသခံတွေက အဲဒီ သံရုံး ဆောက်လုပ်မယ့် အစီအစဉ်ကို ဥပဒေအရ စိန်ခေါ်သွားမယ်လို့ ပြောဆိုထား ပါတယ်။
တရုတ် အစိုးရက အဲဒီ စက်ရုံကို ၂၀၁၈ ခုနှစ်က ဝယ်ယူခဲ့ပေမယ့် အဲဒီနေရာမှာ သံရုံး အသစ် တည်ဆောက်ရေး တောင်းဆိုမှုကို ၂၀၂၂ ခုနှစ်အတွင်း ဒေသဆိုင်ရာကောင်စီက ပယ်ချခဲ့ပါတယ်။
ဝန်ကြီးချုပ် စတာမာ ကြားဝင် ညှိနှိုင်းပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြီးခဲ့တဲ့ နှစ်က တောင်းဆိုခဲ့ပါတယ်။
အစိုးရက ဆုံးဖြတ်ရေး လုပ်ငန်းစဉ်ကို ပြီးခဲ့တဲ့နှစ်က စတင်ခဲ့ပြီး သံရုံး တည်ဆောက်ခွင့် ပြုသင့်၊ မပြုသင့် အငြင်းပွားမှုတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီက စစ်ဆေးခဲ့ပါတယ်။
လန်ဒန်ရဲ့ သမိုင်းဝင် ဘဏ္ဍာရေးဒေသအနီးမှာ တရုတ်ကို အဲဒီလို ကြီးမားလွန်းတဲ့ သံရုံးမျိုး ဆောက်ခွင့် မပေးသင့်ဘူးလို့ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံရေးသမား တချို့က တုံ့ပြန်ထားပါတယ်။
အဲဒီ ဒေသရဲ့ အောက်မှာ သွယ်တန်းထားတဲ့ အင်တာနက် ကြိုးတွေကို တရုတ်က စောင့်ကြည့် ထောက်လှမ်းနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ နိုင်ငံရေးသမားတွေက ပြောပါတယ်။
တရုတ်ကို ကြီးမားတဲ့ သံရုံး တည်ဆောက်ခွင့် ပေးလိုက်ရင် တရုတ် ထောက်လှမ်းရေးတွေ ဗြိတိန်ကို ရောက်ရှိလာတော့မယ့် သဘောပဲ ဖြစ်တယ်လို့ ဗြိတိန် လုံခြုံရေးအရာရှိတွေက ပြောထားပါတယ်။
တရုတ်က ဗြိတိန်အစိုးရ အဖွဲ့ထဲ ဝင်ရောက်ထောက်လှမ်းရေး သူလျှိုတွေအဖြစ် လူစုလာနိုင်တဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ဗြိတိန် ထောက်လှမ်းရေး MI5 က အကြိမ်ကြိမ် သတိပေးထားပါတယ်။
Ref:Reuters

