ဘီးလင်း၊ ဇန်နဝါရီ ၁၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရွှေလောင်းအင်းကျေးရွာအနီး ဘီးလင်း-နတ်ကြီးလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းက အရပ်သားအမျိုးသား နှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီ ၁၂ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ဘီးလင်း-နတ်ကြီးလမ်းပိုင်းမှာ ဆိုင်ကယ်တစ်တည်း စီးလာတဲ့ အမျိုးသား နှစ်ဦးကို ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် စစ်တပ်စစ်ကြောင်းက ဖမ်းဆီးထားတဲ့ အမျိုးသား နှစ်ဦးကို ညှဉ်ပန်းနှိပ်စက်ပြီးမှ သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အမျိုးသားနှစ်ဦးဟာ ရွှေလောင်းအင်းကျေးရွာခံတွေ မဟုတ်ပေမယ့် ကျေးရွာအနီးပတ်ဝန်းကျင်မှာ ရွှေတူးနေတဲ့ ရွှေတွင်းလုပ်သားတွေ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ရွှေလောင်းအင်းကျေးရွာအနီးမှာပဲ ဆက်ရှိနေတာကြောင့် သတ်ဖြတ်ခံရတဲ့ အမျိုးသား နှစ်ဦးရဲ့ ရုပ်အလောင်းကို ဒေသခံတွေအနေနဲ့ ကောက်ယူရဲတာ မရှိသေးဘူးလို့ သိရပါတယ်။
ဘီးလင်းမြို့နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပတဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ မတိုင်မီကတည်းက စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည် ဖြစ်ပွားနေတာပါ။
ဘီးလင်းတိုက်ပွဲကြောင့် ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့ပေါ်နေ ပြည်သူလူထုတွေကလည်း စစ်ကော်မရှင်တပ်ရဲ့ နေ့စဉ်ရက်ဆက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် စိုးရိမ်ကြောက်လန့်စိတ်နဲ့ နေထိုင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်

