မော်လမြိုင်၊ ဇန်နဝါရီ ၁၃
မွန်ပြည်နယ်မှာ စစ်တပ် ဦးဆောင်ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP နဲ့ မွန်ညီညွတ်ရေးပါတီ MUP တို့ကသာ အများဆုံး အနိုင်ရရှိခဲ့တယ်လို့ ပြည်နယ် ရွေးကော်ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မြို့နယ်ပေါင်း ၁၀ မြို့နယ်ရှိတဲ့ မွန်ပြည်နယ်မှာ ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ် ၅ မြို့နယ်၊ ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ် ၅ မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ အပိုင်း ၂ ရလဒ်တွေအရ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က မဲဆန္ဒနယ်နေရာ ၂၁ နေရာ အနိုင်ရရှိခဲ့ပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ မွန်နိုင်ငံရေးပါတီဖြစ်တဲ့ မွန်ညီညွှတ်ရေးပါတီက မဲဆန္ဒနယ်နေရာ ၁၇ နေရာနဲ့ ဒုတိယအများဆုံး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အချိုးကျကိုယ်စားပြု PR စနစ်ကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီက ကိုယ်စားလှယ်နေရာ ၂ နေရာစီ၊ ပြည်သူ့ပါတီနဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ်နေရာ တစ်နေရာစီ အနိုင်ရရှိခဲ့တာပါ။
ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့ ပအိုဝ်းတိုင်းရင်းသားရေးရာ ကိုယ်စားလှယ်နေရာမှာ ကြံ့ခိုင်ရေးပါတီကို ကျော်ဖြတ်ပြီး ရွေးကောက်ပွဲ အနိုင်ရရှိခဲ့တယ်လို့ စစ်ကော်မရှင် မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။
မဲဆန္ဒနယ်မြေ ၄၅ နေရာရှိတဲ့ မွန်ပြည်နယ်မှာတော့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီ ၈ ခုအနက် ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီကလွဲပြီး ပါတီအားလုံး ကိုယ်စားလှယ်နေရာ ရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်

