ရေး၊ ဇန်နဝါရီ ၇
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာ အထက်တန်းကျောင်းခွဲရဲ့ ကျောင်းအုပ်ကြီး ဦးသူရထွန်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ကျောင်းရွာကနေ မုဒုံမြို့ကို ပြန်လာတဲ့ အသက် ၅၈ နှစ်အရွယ် ကျောင်းအုပ်ကြီး ဦးသူရထွန်းကို ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းအုပ်ကြီးဟာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မဲရုံမှူး တာဝန်ထမ်းဆောင်ဖို့ ရှိနေတာကြောင့် ခေါ်ယူထိန်းသိမ်းလိုက်တာလို့ တော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျောင်းအုပ်ကြီးကို ဘယ်လိုအရေးယူမလဲဆိုတာ မသိရသေးပေမယ့် ထူးခြားတဲ့ ပြစ်မှုမရှိရင် ခံဝန်နဲ့ပြန်လွတ်လာနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းကလည်း မော်လမြိုင်မြို့မှာ မဲရုံမှူး သင်တန်းတက်ဖို့ လာတဲ့ ရေးမြို့နယ်က ဆရာမ လေးဦးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သုံးရက်အကြာမှာ ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

