ကျိုက်ထို၊ ဒီဇင်ဘာ ၂၆
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကဒက်ချောင်း ရေတံခွန်လာလည်တဲ့ စစ်ကော်မရှင်တပ်ရဲ့ ဒုအရာခံဗိုလ် တစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ဒီဇင်ဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က နေ့လည် ၂ နာရီအချိန်လောက်မှာ ကျိုက်ထီးရိုးဘုရားဖူးပြီးနောက် ကဒက်ချောင်း ရေတံခွန်မှာ သောက်စားပျော်ပါးဖို့ ရောက်ရှိနေတဲ့ ဒုအရာခံဗိုလ် သန်းဝင်းကို KRF က ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ဒုအရာခံဗိုလ်သန်းဝင်းဟာ ကျိုက်ထီးရိုးဘုရား ရောက်ရှိနေကြောင်း သတင်းအရ အပြန်မှာ ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ KRF သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ဒုအရာခံဗိုလ်သန်းဝင်းအား သက်ဆိုင်ရာကို အပ်နှံထားပြီ ဥပဒေနဲ့အညီ အရေးယူထားတယ်လို့ KRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒုအရာခံဗိုလ်သန်းဝင်းအား ဖမ်းဆီးစဉ် ကားတစ်စီး၊ ရွှေထည်ပစ္စည်းတချို့၊တပ်တွင်းယာဉ်ဝင်ကတ်တွေအပါအဝင် ဆက်စပ်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တာပါ။
ဖမ်းဆီးခံလိုက်ရတဲ့ ဒုအရာခံဗိုလ်သန်းဝင်းဟာ ရန်ကုန်တိုင်း မှော်ဘီအခြေစိုက် အမှတ် (၄) အရာခံနဲ့အကြပ်ကြီးသင်တန်းကျောင်းက ဖြစ်ပြီး အင်စိန်းတရားရုံးမှာ တာဝန်ကျနေသူ ဖြစ်တယ်လို့ သိရပါတယ်။
KRF ကတော့ ဒုအရာခံဗိုလ်သန်းဝင်းအား သွားရောက်ဖမ်းဆီးစဉ် လုပ်ထုံးလုပ်နည်းနဲ့အညီ အဖွဲ့ရဲ့ လုံခြုံရေးဆောင်ရွက်ခဲ့ရပေမယ့် သေနတ် ပစ်ဖောက်တာ၊ ပြည်သူတွေကို ရိုင်းပျစွာ ဆဲရေးစော်ကားတာ မပြုလုပ်ခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်နေ့ကလည်း ကဒက်ချောင်း ရေတံခွန်မှာ ရေလာကစားတဲ့ ပဲခူးတိုင်း ညောင်လေးပင်မြို့ပေါ်က ပြည်သူ့စစ်ခေါင်းဆောင် လှိုင်မင်းနဲ့အဖွဲ့ကို KRF နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Screen Grab

