ကျိုက်ထို၊ ဒီဇင်ဘာ ၂၇

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းနဲ့ရေကျော်သုံးခွကျေးရွာအနီးမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဝါးဒက်ကွင်းကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ ရေကျော်ကျေးရွာနဲ့သုံးခွကျေးရွာကြားကို စစ်ကြောင်းထပ်ထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ဝါးဒက်ကွင်း၊ သုံးခွ၊ ရေကျော်၊ ဇီးပြောင်း ၁၊ ၂ ၊ ၃ ကျေးရွာတို့က ဒေသခံပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဝါးဒက်ကွင်းတိုက်ပွဲမှာ ဒေသခံ ၁၅ ဦးကို ဖမ်းဆီးခဲ့ပေမယ့် ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးကပ်လာချိန် တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားမှု အား ကောင်းတဲ့ ကျိုက်ထိုမြို့နယ်ထဲကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ်ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ပါဝင်တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.