ဘားအံ၊ ဒီဇင်ဘာ ၂၇

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရေးထိုးထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ စစ်ဦးစီးချုပ်သစ်အဖြစ် ဗိုလ်ချုပ်ကြီးစောရွှေဝကို တာဝန်ပေးခန့်အပ်လိုက်တယ်လို့ DKBA က ဒီဇင်ဘာ ၂၆ ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

အရင် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးစောစတီးကို DKBA ဗဟိုအကြံပေးအဖွဲ့ (ဦးဆောင်နာယကကြီး)အဖြစ် တာဝန်ပေးအပ်လိုက်ပြီး စောစတီးနေရာမှာ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောရွှေဝကို ဗိုလ်ချုပ်ကြီးအဆင့်နဲ့ စစ်ဦးစီးချုပ် တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးအပ်လိုက်တာလို့ DKBA က ဆိုပါတယ်။

DKBA အမှတ် ၂ စစ်ကွပ်ကဲရေးမှူးတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးချုပ်စောဘငြိမ်းကိုတော့ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ဒုတိယစစ်ဦးချုပ် တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးအပ်လိုက်သလို အမှတ် ၁ စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စိုင်းကျော်လှကို ဗိုလ်ချုပ်အဆင့်နဲ့ ဗဟိုစီးပွားရေးကော်မတီဥက္ကဌ တာဝန်ထမ်းဆောင်ဖို့ ခန့်အပ်လိုက်တယ်လို့ DKBA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် DKBA အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းကို ဗိုလ်မှူးချုပ်အဆင့်နဲ့ အမှတ် ၂ စစ်ကွပ်ကဲရေးမှူး တာဝန်ထမ်းဆောင်ဖို့ တာဝန်ပေးခန့်အပ်လိုက်ပြီး ဒီလိုရာထူးတာဝန်တွေ ပြောင်းလဲအတည်ပြုတာဟာ ၁၉ ကြိမ်မြောက် တပ်မှူးစုံညီအစည်းအဝေးရဲ့ သဘောတူညီဆုံးဖြတ်ချက်အရ ဖြစ်တယ်လို့ DKBA က ထုတ်ပြန်ထားပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဟာ လတ်တလောအချိန်ကာလမှာ အွန်လိုင်ငွေလိမ်လောင်းကစားမှုလုပ်ငန်း(ကျားဖြန့်)ကြောင့် နာမည်ကျော်ကြားနေတာဖြစ်ပြီး DKBA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ခက်၊ ဖလူး၊ ဝေါ်လေ၊ ဘုရားသုံးဆူတွေမှာ ကျားဖြန့်လုပ်ငန်းတွေ ဆက်လက်လည်ပတ်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

အွန်လိုင်ငွေလိမ်လောင်းကစားမှုလုပ်ငန်း(ကျားဖြန့်)နဲ့ ဆက်နွယ်ပတ်သက်နေတဲ့အတွက် DKBA ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ စောစတီး၊ စောဆန်းအောင်၊ စိုင်းကျော်လှနဲ့ စောစိန်ဝင်းတို့ ၄ ဦးအပြင် တပ်ဖွဲ့တစ်ဖွဲ့လုံးကိုပါ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ထားတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုအထဲမှာ ပါဝင်နေတဲ့ စောစတီးကိုတော့ စစ်ဦးစီးချုပ်နေရာကနေ အနားယူစေပြီး ဦးဆောင်နာယကအဖြစ် တာဝန်ယူစေကာ စိုင်းကျော်လှကို ဗိုလ်မှူးချုပ်အဆင့်ကနေ ဗိုလ်ချုပ်အဆင့်နဲ့ DKBA က ရာထူးတိုးပေးထားလိုက်ပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ဟာ စစ်ကော်ရှင်က ဖိတ်ခေါ်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ ပုံမှန်တက်ရောက်နေလေ့ရှိသလို စစ်ကော်မရှင်က ပြုလုပ်ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း ထောက်ခံပြီး ပါဝင်ကူညီဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-DKBA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.