မော်လမြိုင် ၊ ဒီဇင်ဘာ ၂၇
ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ကာလအတွင်း အပိုင်းလိုက်စနစ်နဲ့ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ နိုင်ငံတဝန်းရှိ ၆၅ မြို့နယ်မှာ ရွေးကောက်ပွဲ လုံးဝ မကျင်းပနိုင်တဲ့ နယ်မြေတွေအဖြစ် စံချိန်တင်နေပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ကို လာမယ့် ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ် ကိုးခုရှိ ၆၃ မြို့နယ်အတွင်း ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၂၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
အဲဒီထဲမှာတော့ ပြည်နယ်တွေဖြစ်တဲ့ ကချင်၊ ကရင်၊ ရှမ်းအပါအဝင် တိုင်းတွေထဲက စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီမှာ ရှိတဲ့ မြို့နယ်တွေ ပါဝင်ပေမယ့် ရွေးကောက်ပွဲကျင်းပဖို့ ကျန်ရှိတဲ့ မကွေး၊ချင်း၊ကယားနဲ့ ရခိုင်က မြို့နယ်တွေ မပါဝင်ပါဘူး။
ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ ၁၀၂ မြို့နယ် ၊ အပိုင်း ၂ မှာ မြို့နယ် ၁၀၀ နဲ့ အပိုင်း ၃ မှာတော့ ၆၃ မြို့နယ် ပါဝင်တဲ့အတွက် မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာ နိုင်ငံမှာ ရွေးကောက်ပွဲကို ၂၆၅ မြို့နယ်မှာ ကျင်းပသွားမှာပါ။
တစ်ဘက်မှာ ကချင်၊ချင်း၊ရခိုင်၊ကယား၊ရှမ်း၊မန္တလေး၊စစ်ကိုင်းနဲ့ မကွေးတို့မှာရှိတဲ့ ၅၆ မြို့နယ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ပြုလုပ်ဖို့ အခြေအနေ မရှိဘူးလို့ အရင်ကတည်း ဝန်ခံထားပြီး အခုအခါမှာ နောက်ထပ် ၉ မြို့နယ် ထပ်တိုးလာတာ ဖြစ်ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မြို့နယ်တွေဟာ လုံခြုံရေးကြောင့်လို့ သုံးသပ်ပါတယ်။
“အဓိကတော့ လုံခြုံရေးပါပဲ။ပြည်သူမထောက်ခံဘူး။ လုံခြုံရေးမရှိဘူး၊ ဒါကြောင့်ပါ။ နိုင်ငံတကာလည်း စိတ်မဝင်စားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူအတွက် လုပ်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလေ။ သူတို့အတွက် လုပ်တဲ့ ရွေးကောက်ပွဲဆိုတာ တစ်တိုင်းတစ်ပြည်လုံး သိနေတာပဲ။ ပြည်သူက သူတို့နဲ့ မဆိုင်ဘူးလို့ အဲဒီလိုကို ခံယူကြတယ်လေနော်။ အဲဒီသဘောပါပဲ”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရွေးကောက်ပွဲကျင်းပမယ့် ၂၀၂ မြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀၀ နီးပါးမှာ မကျင်းပနိုင်မယ့် နယ်မြေတွေအဖြစ် ထုတ်ပြန်ထားပြီး ကျန် ၅၆ မြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ စစ်ကော်မရှင်က ရည်ရွယ်ထားတာပါ။
အပိုင်း ၃ မှာ ပါဝင်တဲ့ ရွေးကောက်ပွဲကျင်းပမယ့် မြို့နယ်စာရင်းတွေထဲမှာ ကချင်ပြည်နယ်က လက် ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမော်မြို့ကို ထည့်သွင်းထားသလို အခုနှစ်အတွင်း စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ မန္တလေးတိုင်းက သပိတ်ကျင်းအပါအဝင် ရှမ်းမြောက်က ဖယ်ခုံ၊ သီပေါနဲ့ ကျောက်မဲလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်ထဲက ဒေသတွင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အများအပြား ထိန်းချုပ်ထားတဲ့ ကော့ကရိတ်နဲ့ ကြားအင်းဆိပ်ကြီးလည်း အပိုင်း ၃ ရွေးကောက်ပွဲမှာ ထည့်သွင်းထားတာပါ။
ကော့ကရိတ်မြို့နယ်ရဲ့ မြောက်ပိုင်း နေရာတချို့နဲ့ တောင်ပိုင်းက နေရာအားလုံးမှာ ကရင်အမျိုးသားအစည်းအရုံး KNU က အပြည့်အဝထိန်းချုပ်ထားပြီး စစ်ကော်မရှင်က ကော့ကရိတ်မြို့ပေါ်နဲ့ မြောက်ပိုင်းက ကျန်ရှိတဲ့ နေရာတွေမှာသာ ထိန်းချုပ်ထားနိုင်တာပါ။
အဲဒီမြို့နယ်က ကျုံဒိုးမြို့ပေါ်နဲ့ ကော့ဘိန်းကျေးရွာကိုသာ စစ်ကော်မရှင်က ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့ တောင်ကြာအင်း၊ ကမ်းနီ၊ ကမ္မရိုက်၊ ကော့ခိုက်နဲ့ ကျောက်ဖျာတကျောကိုတော့ တော်လှန် ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ကိုသာ စစ်ကော်မရှင်က အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီး အဲဒီမြို့နယ်မှာရှိတဲ့ ဘုရားသုံးဆူမြို့နဲ့ ကျိုက်ဒုံမြို့ကိုတော့ KNU နဲ့ DKBA တို့က ထိန်းချုပ်ထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ဆီက သိရပါတယ်။
ကော့ကရိတ်မြို့နယ်မှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကတော့ မဲဆွယ်ဆိုင်းဘုတ်ကို မြို့ပေါ်တွေမှာသာ တင်ထားပြီး စည်းရုံးဟောပြောမှုကတော့ အခြေအနေအရပဲလို့ ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့ အခုကတော့ ကော့ကရိတ်မြို့နယ်က မြို့ပေါ်နဲ့ ကျုံဒိုးမှာ မဲဆွယ်စည်းရုံးရေး ဆိုင်း ဘုတ်တင်ထားတယ်။ နောက်ပြီးတော့ စည်းရုံးဟောပြောတာတော့ အခြေအနေပေးသလောက်ပဲပေါ့။ အခြေအနေမပေးရင်လည်း မဟောဘူးပေါ့ဗျာ။ အဲဒါ အခြေအနေကြည့်ပြီးမှပဲ စည်းရုံးဟော ပြောပွဲ လုပ်မှာပေါ့။ လုံခြုံရေးကတော့ စည်းရုံးရေးဆင်းတာပဲဖြစ်ဖြစ် ဟောပြောရေး ဆင်းတာပဲဖြစ်ဖြစ် သူတို့ (စကမရဲ့ တပ်ဖွဲ့ဝင်တွေ) ယူပေးမယ်ပြောတာပေါ့လေ။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကို ကျွန်တော်တို့ ကြည့်ပြီးတော့ စည်းရုံးဟောပြောပွဲကို လုပ်မယ်”လို့ ဆိုပါတယ်။
မဲဆွယ်စည်းရုံးတာတွေကို ရွေးကောက်ပွဲ အပိုင်း ၁ မှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ကော်မရှင်က ခွင့်ပြုထားသလို အပိုင်း ၂ ကိုတော့ ဒီဇင်ဘာ ၂၉ ကနေ ဇန်နဝါရီ ၉ ရက်နေ့အထိ ဖြစ်ပါတယ်။
ဒါကြောင့် အပိုင်း ၃ ရွေးကောက်ပွဲအတွက် ကြေညာထားတဲ့ မြို့နယ်တွေမှာ ဝင်ပြိုင်ကြမယ့် ကိုယ် စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးခွင့်ကာလကိုတော့ ဇန်နဝါရီ ၁၂ ရက်ကနေ ၂၃ ရက်နေ့အထိ ခွင့်ပြုမယ်လို့ နားလည်ရပါတယ်။
အာဏာသိမ်းစစ်တပ်ကနေ အသွင်ပြောင်းစစ်ကော်မရှင်က ကျင်းပပေးမယ့် ၂၀၂၅ – ၂၀၂၆ ရွေး ကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး အရင်ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ မတူညီတဲ့ အချက်တချို့လည်း ရှိနေပြန်ပါတယ်။
အဲဒါတွေကတော့ မြန်မာ့ရွေးကောက်ပွဲသမိုင်းမှာ တခါမှ မရှိခဲ့ဖူးတဲ့ အီလက်ထရောနစ် မဲပေးစက်ကို အသုံးပြုပြီး ဆန္ဒမဲ ပေးရမှာဖြစ်သလို ရွေးကောက်ပွဲစနစ်ကိုလည်း နိုင်သူအကုန်ယူ FPTP စနစ် နဲ့ အချိုးကျကိုယ်စားပြုစနစ် PR တို့ကို ရောနှောထားတာပါ။
ပြည်သူ့လွှတ်တော်ကို အရင်ကျင့်သုံးနေကျ နိုင်သူအကုန်ယူ FPTP စနစ်နဲ့သာ ကျင့်သုံးမှာဖြစ်ပြီး အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေမှာတော့ စနစ်နှစ်ခုကို ပေါင်းစပ်ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲကိုလည်း ကျင်းပမယ့် မဲဆန္ဒနယ်မြေတွေအာလုံးမှာ တစ်ရက်တည်း ကျင်းပတာမဟုတ်ဘဲ အပိုင်းသုံးပိုင်းနဲ့ နယ်မြေတွေခွဲပြီး ကျင်းပမှာဖြစ်သလို လုံးဝ မကျင်းပနိုင်တဲ့ နယ်မြေတွေ အများအပြား စံချိန်တင်နေတာပါ။
တစ်ဘက်မှာ မဲဆန္ဒရှင်ပြည်သူတွေက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိကြသလို စစ်ကော်မ ရှင်ရဲ့ မိတ်ဘက်နိုင်ငံတွေကလွဲရင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ထောက်ခံအားပေးတာတွေ မရှိတဲ့အတွက် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကိုလည်း မစေလွှတ်ကြပါဘူး။
ဒါပေမယ့် ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို လေ့လာသူတွေ စေလွှတ်ဖို့ စီစဉ်နေပြီး လက်ရှိအခြေအနေအရ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ မဟုတ်ပေမယ့် ကောင်းမွန်တဲ့ တိုးတက်မှုတချို့အတွက် စမှတ် ဖြစ်လာနိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက NHK သတင်းဌာနကို ဖြေကြားထားတာပါ။
နိုင်ငံရေးလေ့လာသူတွေနဲ့ စစ်ရေးအကဲခတ်တွေကတော့ အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲကနေ ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်လာရင်လည်း မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေနဲ့ လက်နက် ကိုင်တိုက်ပွဲတွေ ဆက်လက်ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

