နေပြည်တော်၊ ဒီဇင်ဘာ ၂၆
လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဇင်ဘာ ၂၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၃ ကိုတော့ မြို့နယ်ပေါင်း ၆၃ မြို့နယ်မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး တိုင်းနဲ့ပြည်နယ်အနေနဲ့ ကချင်၊ကရင်၊စစ်ကိုင်း၊တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ရှမ်းနဲ့ ဧရာဝတီတိုင်းတို့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စစ်ကော်မရှင် ရွေးကောက်ပွဲ အပိုင်း ၃ ကျင်းပမယ်လို့ ကြေညာထားတဲ့ မြို့နယ်အများစုဟာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ မြို့နယ်တွေ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်ဟာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၊ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွေးကောက်ပွဲ အပိုင်း ၂ အဖြစ် မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ မြို့နယ်ပေါင်း ၂၆၅ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ ဖြစ်ပြီး မြို့နယ်ပေါင်း ၆၅ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါဘူး။
စစ်ကော်မရှင်ဘက်က သူတို့ကျင်းပတဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲ ကော်မရှင် ဒုဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ရန်ကုန်မြို့ကို ရောက်ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

