မော်လမြိုင်၊ ဒီဇင်ဘာ ၂၃
ဩစတြေးလျနည်းပညာကုမ္ပဏီ Kick ဟာ မြန်မာစစ်အုပ်စုရဲ့ ဝါဒဖြန့် ချန်နယ်တွေကို တိုက်ရိုက်ထုတ်လွှင့်မှု စတင်ပြီး နာရီပိုင်းအတွင်းမှာပဲ ဖယ်ရှားပိတ်သိမ်းလိုက်တယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။
Justice For Myanmar က ဩစတေးလျ တိုက်ရိုက်အသံလွှင့် ပလက်ဖောင်း Kick ကုမ္ပဏီထံ စာရေးသားပေးပို့ပြီး ဒဏ်ခတ်ပိတ်ပို့မှုတွေ ပြုလုပ်ဖို့နဲ့ လူ့အခွင့်အရေးဆိုင်ရာ မေးခွန်း ပြောကြားခဲ့ပြီးနောက် ကုမ္ပဏီက အခုလို အရေးယူဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ သူတို့ရဲ့ အကောင့်တွေကို Amazon ပိုင် ရုပ်သံလွှင့် ပလက်ဖောင်း Twitch မှ ဖယ်ရှားခံရပြီးနောက် Kick ကို ပြောင်းလဲအသုံးပြုခဲ့ကာ လက်ရှိမှာ စစ်ကော်မရှင်အတွက် အတုအယောင်ရွေးကောက်ပွဲမတိုင်မီ နေ့ရက်တွေကို တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းမရှိဘဲ ထပ်မံဖြတ်သန်းရမယ်လို့ ဆိုပါတယ်။
ဩစတေးလျနည်းပညာကုမ္ပဏီဖြစ်တဲ့ Kick က ဖယ်ရှားလိုက်တဲ့ စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်ချန်နယ်တွေဟာ MRTV HD၊ MITV၊ MRTV News၊ MRTV Farmers၊ MRTV Sports၊ MRTV NRC နဲ့ MRTV Entertainment စတဲ့ ချန်နယ်တွေ ပါဝင်ပါတယ်။
MITV နဲ့ MRTV အားလုံးဟာ စစ်ကော်မရှင်ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ထုတ်လွှင့်နေပြီး MRTV ကို အဓိကအားဖြင့် မြန်မာပရိသတ်တွေအတွက် ဗမာဘာသာနဲ့ ထုတ်လွှင့်နေပြီး MITV ကတော့ နိုင်ငံခြားပရိတ်သတ်တွေထံ သက်ရောက်မှုရှိစေဖို့ ရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေပါတယ်။
စစ်ကော်မရှင်ဟာ MRTV ဝက်ဆိုဒ်နဲ့ အပ်ပလီကေးရှင်းတွေက တိုက်ရိုက်ရုပ်သံထုတ်လွှင့်ဖို့ Kick ကို အသုံးပြုခဲ့တာ ဖြစ်ပြီး Kick ရဲ့ အရေးယူဖယ်ရှားမှုဟာ စစ်ကော်မရှင်ရဲ့ ဝါဒမှိုင်းတွေ၊ သတင်းမှားတွေနဲ့ အမုန်းစကားတွေကို တိုက်ရိုက်ထုတ်လွှင့်နိုင်ဖို့ ကန့်သတ်ဖြတ်တောက်လိုက်တယ်လို့ JFM က ဆိုပါတယ်။
Kick ဟာ ဩစတေးလျနိုင်ငံ မဲဘုန်းမြို့အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး နည်းပညာကုမ္ပဏီအားလုံးအနေနဲ့ စစ်ကော်မရှင်ရဲ့ ဝါဒမှိုင်းဖြန့် အအကာင့်တွေကို ဖြတ်ချဖို့နဲ့ စစ်ကော်မရှင်က အသုံးပြုနေတဲ့ ပလက်ဖောင်းတွေကို ပိတ်ပင်ဖို့ JFM က တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Justice For Myanmar

