ကျိုက်ထို၊ ဒီဇင်ဘာ ၂၃
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ်အနည်းငယ်အကြာ ဖြစ်ပွားခဲ့ပြီး ခရီးသွားကား ရာနဲ့ချီ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။
မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို လူနာတင်ယာဉ်တွေနဲ့ ကျိုက်ထိုဆေးရုံထံ သယ်ဆောင်သွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မုပ္ပလင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတဲ့ အဲဒီနေ့မှာပဲ စစ်ကော်မရှင်တပ်ဟာ ကျိုက်ထိုမြို့နယ် ခရွဲကျေးရွာအုပ်ကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ချောင်းဝရွာ ဘုန်းကြီးကျောင်းနဲ့ ဆိုင်ကယ် တစ်စီး ဗုံးထိမှန်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။
မုပ္ပလင်စစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေနဲ့ကုန်တင်ယာဉ်တွေဆီကနေ ငွေကြေးအဆမတန် တောင်းခံတာ၊ အဖမ်းဆီး အစစ်ဆေးကြမ်းနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏဆိုသလို လာရောက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

