လောင်းလုံး၊ ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဒေသခံပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၇၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ မနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက စခန်းကြီးကျေးရွာထဲ ဝင်ရောက်လာပြီးနောက် လမ်းမှာတွေ့တဲ့ ရွာခံ အမျိုးသား၊ အမျိုးသမီး၂၀ ကျော်ကို ဖမ်းဆီးထားတာပါ။
ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့က လောင်းလုံးအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၁၀၄ ခြေလျင်တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။
စစ်ကော်မရှင်တပ်ရင်း ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ အဲဒီနေ့က စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် စခန်းကြီးရွာနေ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ စခန်းကြီးရွာထဲ ဝင်ရောက်တပ်စွဲပြီးနောက် လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဖမ်းဆီးထားတဲ့ ဒေသခံတွေကိုလည်း ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးထားတဲ့ စခန်းကြီးရွာနေ ဒေသခံပြည်သူအများစု နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

