ရေဖြူ၊ ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ညင်းထွေးနဲ့ဇီးကျကျေးရွာကြားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း သားအမိ နှစ်ဦး သေဆုံးပြီး အရပ်သား ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေး တပ်ဖွဲ့တွေထံကနေ သိရပါတယ်။
အင်အား ၄၀ ကျော်နဲ့ မိုးကုတ်ဝိပသနာကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် တစ်ဦး၊ အသက် ၄၀ ဝန်းကျင်အရွယ် မိခင်တစ်ဦး ထိမှန်သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူ ရှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားနေအိမ်တချို့နဲ့ မိုးကုတ်ဝိပသနာကျောင်းက ကျောင်းဆောင်တချို့ ထိမှန်ပျက်စီးခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှု အသေးစိတ် မသိရသေးပါဘူး။
အဲဒီတိုက်ပွဲကြောင့် ရေဖြူ-ထားဝယ်ပြည်ထောင်စုလမ်းပိုင်းမှာ ခရီးသွားကား ရာနဲ့ချီ ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပြီး နေ့လည် ၁၂ နာရီလောက်မှသာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ရေဖြူမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရေဖြူမြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-PDF

