မော်လမြိုင် ၊ ဒီဇင်ဘာ ၂၄
ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းဟာ မြန်မာ့ ရွှေသမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ဖူးတဲ့ စံချိန်တင်ဈေးနှုန်း ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းဟာ ဒီဇင်ဘာပထမအပတ်က အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၈၇ သိန်းဝန်းကျင်သာ ရှိခဲ့ရာမှ ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ကျပ် ၉၂ သိန်းကျော်အထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။
ပြည်တွင်းရွှေဈေးနှုန်း မြင့်တက်လာရတာဟာ ကမ္ဘာ့ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်လာတာကြောင့် ဖြစ်ပြီး ကမ္ဘာ့ ရွှေဈေးကလည်း ရွှေတစ်အောင်စကို ဒေါ်လာ ၄၂၀၀ ဝန်းကျင်ကနေ ဒေါ်လာ ၄၄၉၀ ဝန်းကျင်အထိ ဆက်လက်မြင့်တက်နေတာ ဖြစ်ပါတယ်။
ရွှေလုပ်ငန်းရှင် တစ်ဦးကတော့ ပြည်တွင်းရွှေဈေးနှုန်းဟာ အမြင့်ဆုံး စံချိန်ချိုးတဲ့ ဈေးနှုန်း ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရွှေဈေးနှုန်းဟာ ကမ္ဘာ့စီးပွားရေးနဲ့နိုင်ငံရေး မတည်ငြိမ်တာ၊ အမေရိကန် ဗဟိုအတိုးနှုန်း နောက်နှစ်မှာ ထပ်လျှော့လာနိုင်တာ အပါအဝင် ကမ္ဘာ့အရပ်ရပ်ရဲ့ စိုးရိမ်ပူပန်မှုတွေကြောင့် ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုကြပါတယ်။
ဈေးကွက်အတွင်းမှာတော့ ရွှေဈေးနှုန်း စံချိန်တင် မြင့်တက်လာတာကြောင့် ရွှေဆိုင်အများစု အရောင်းအဝယ် ပိတ်ထားသလို စစ်ကော်မရှင်ဘက်ကလည်း စောင့်ကြည့်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်း ရွှေဈေး စံချိန်တင်မြင့်တက်လာပေမယ့် စစ်ကော်မရှင်ဘက်ကတော့ ရွှေကျပ်သားကို ကျပ်သိန်း ၆၀ ဝန်းကျင်သာ ဈေးနှုန်းသတ်မှတ်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

