မော်လမြိုင် ၊ ဒီဇင်ဘာ ၂၄
စစ်ကော်မရှင် ဦးဆောင်တဲ့ ရွေးကောက်ပွဲကို လူမှုကွန်ရက်စာမျက်နှာမှာ အများပြည်သူ အထင်အ မြင်လွဲမှားစေဖို့ ရေးသားဖြန့်ဝေသူတွေနဲ့ ပြန်လည်မျှဝေတဲ့ Facebook အကောင့်ပိုင်ရှင် ၉ ဦးကို ဖမ်းဆီးအမှုဖွင့်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၂ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာတွေကနေ သိရပါတယ်။
စစ်တပ်ထိန်းချုပ်ထားတဲ့ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ၂၀၂၅ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး တနည်းနည်းနဲ့ နှောင့်ယှက်ဟန့်တားဖျက်ဆီးသူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ထိရောက်စွာ အရေးယူနေတယ်လို့ ဆိုပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေအပါအဝင် အများပြည်သူဆိုင်ရာနေရာတွေမှာ ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးလှုံ့ဆော်တာ၊ ဆန္ဒပြတာ၊ စာရေးသားတာ၊ ရုပ်သံပိုစကာတွေ ချိတ်ဆွဲတာ စတဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေကို ထိခိုက်ပျက်စီးအောင် ပြုလုပ်တာလို့ ဖော်ပြထားတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယပတ်ကနေ ဒီဇင်ဘာ ၁၉ ရက်နေ့အတွင်း နေပြည်တော်အပါအဝင် ရှမ်း ပြည်နယ် တောင်ပိုင်းနဲ့အရှေ့ပိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ နေထိုင်တဲ့ Facebook အကောင့်ပိုင်ရှင် အမျိုးသားအမျိုးသမီး ၉ ဦးကို စစ်ကော်မရှင်က ဖမ်းဆီးအမှုဖွင့်ခဲ့ပါတယ်။
အကြောင်းပြချက်ကတော့ ဖမ်းဆီးအမှုဖွင့်ခံရသူတွေ အသုံးပြုတဲ Facebook အကောင့်နဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရွေးကောက်ပွဲကို အများပြည်သူ အထင်အမြင်လွဲမှားစေဖို့ ရေးသားထားတဲ့ စာသားတွေကို ပြန်လည်မျှဝေတာနဲ့ ထပ်ဆင့်ရေးသားဖြန့်ဝေခဲ့ကြောင်း စိစစ်တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဲဒီ အကောင့်ပိုင်ရှင်တွေကို စစ်ကော်မရှင်လက်အောက်ခံ သက်ဆိုင်ရာ ရဲစခန်းတွေမှာ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က) နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့တာပါ။
အဲဒီပုဒ်မအရ ဘယ်သူမဆို တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ခုနှစ်နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။
လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ရွေး ကောက်ပွဲနီးလာတာနဲ့အမျှ ဖမ်းဆီးမှုတွေ ဆက်ရှိနိုင်တဲ့အတွက် Facebook ကို လုံခြုံအောင် သုံးစွဲသင့်တယ်လို့ အကြံပြုပါတယ်။
“ကျွန်တော် ထင်တယ် သုံးစွဲသူတွေကတော့ Digital Literacy ပိုရှိသင့်တယ်။ ကိုယ့်ရဲ့အကောင့်ကို lock ချထားတာ။ အဲဒီလိုပဲ Facebook မှာလည်း safety ဆိုတဲ့ self learning ကိုယ့်ဟာကိုယ် လေ့လာလို့ရတာတွေရှိတယ်။ အဲဒါတွေကို ပိုပြီးတော့ သတိထားသုံးသင့်ပါတယ်။ ဖမ်းဆီးမှုတွေကတော့ ဆက်ရှိမှာပဲ။ အဲဒီလိုပဲ လွတ်လပ်စွာ ပြောဆိုမှုကိုလည်း ဘာကြောင့်မှာတော့ အကန့်အ သတ်မခံစေချင်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ လုံခြုံရေး လုံလုံခြုံခြုံနဲ့ ကိုယ့်ရဲ့အမြင်ကို ပြောနိုင်တဲ့ အခြေအနေတွေလည်း အများကြီး ရှိပါတယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းက ရွေးကောက်ပွဲဝါဒဖြန့် ဇာတ်လမ်းနဲ့ ပတ်သက်ပြီး Facebook မှာ ဝေဖန်ရေးသားတာ၊ Love React ပေးတာတွေ လုပ်ခဲ့တဲ့ ဒါရိုက်တာ သုံးဦးနဲ့ သရုပ်ဆောင် နှစ်ဦးတို့ကို စစ်ကော်မရှင်က ဖမ်းဆီးအရေးယူခဲ့ပါတယ်။
တစ်ဘက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီနှစ်ခုကနေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်ကို စုတ်ဖြဲခဲ့သူ အမျိုးသားနှစ်ဦးကိုလည်း ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကော်မရှင်က ဖမ်းဆီးအမှုဖွင့်ထားတာပါ။
အဲဒီအမျိုးသားနှစ်ဦးဟာ ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်ကို စုတ်ဖြဲဖျက်ဆီးခဲ့တာလို့ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။
ဒီအတွက် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၄ (က) နဲ့ အမှုဖွင့်ထားပြီး အဲဒီပုဒ်မအရ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ အများဆုံး ခုနှစ်နှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားတာပါ။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရေးကို လှုပ်ရှားနေတဲ့ အသံအဖွဲ့ကတော့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာတစ်လအတွင်းမှာတင် လူအယောက် ၄၀ ဖမ်းဆီးတရားစွဲဆိုခံထားရတယ်လို့ အသိပေးထုတ်ပြန်ပါတယ်။
အဲဒီထဲက ၂၁ ဦးဟာ ဖမ်းဝရမ်းထုတ်ခံထားရပြီး ကျန် ၁၇ ဦးဟာ ဖမ်းဆီးခံထားရကာ ၂ ဦးကတော့ ထောင်ဒဏ် ၁၇ နှစ်နဲ့ ၄၂ နှစ် အမိန့်ချမှတ်ခံထားရတာပါ။
ဒ့ါအပြင် သတင်းမီဒီယာ ၂ ဖွဲ့နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစု ၇ ဖွဲ့လည်း အဲဒီ ဥပဒေနဲ့ အရေးယူခံထားရတယ်လို့ အသံအဖွဲ့ရဲ့ စောင့်ကြည့်မှတ်တမ်းတွေကနေ ဖော်ပြထားတာပါ။
စစ်ကော်မရှင်ဘက်ကလည်း ရွေးကောက်ပွဲကို နည်းလမ်းအမျိုးမျိုးနဲ့ နှောင့်ယှက်ဟန့်တားမှုကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့အထိ နိုင်ငံတဝန်း လူပေါင်း ၂၃၀ နီးပါးကို အမှုဖွင့်အရေးယူထားတယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

