သထုံ၊ ဒီဇင်ဘာ ၂၀
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် အုပ်ချုပ်နယ်မြေမှာ တစ်ပတ်အတွင်း စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ နှစ်ဦး သေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ KNU သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ဘီးလင်းနဲ့ ဘားအံမြို့နယ်တို့ကို ဒီဇင်ဘာ ၉ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ တစ်ပတ်အတွင်း လက်နက်ကြီး ခုနှစ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဘီးလင်းမြို့နယ်က ဒေသခံ နှစ်ဦး ထိမှန်သေဆုံးခဲ့ပြီး၊ ကျိုက်ထိုမြို့နယ်နဲ့ ဘားအံမြို့နယ်က ဒေသခံ ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုဟာ အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာလို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

KNU သထုံခရိုင်မှာ ရွေးကောက်ပွဲနီးလာချိန် စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေဟာ မကြာခဏဆိုသလို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ နေထိုင်နေရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

