စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း မွန်-ကရင်အင်အားစုတွေ လှုပ်ရှားမှု ပြုလုပ်

မော်လမြိုင်၊ ဒီဇင်ဘာ ၂၀

အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း မွန်-ကရင်တော်လှန်ရေးအင်အားစုတွေက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို မွန်-ကရင်တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ၊ ဒူးပလာယာခရိုင် KYO – ကရင်လူငယ်အစည်းအရုံးနဲ့ မွန်ပြည်ဖွံ့ဖြိုးရေးစင်တာ MSDC တို့က လွတ်မြောက်နယ်မြေ တစ်နေရာမှာ ရပ်ရွာလူငယ်တွေနဲ့ ပူးပေါင်းပြုလုပ်ခဲ့တာပါ။

အာဏာသိမ်း စစ်ကော်မရှင်ဟာ သူတို့ကျင်းပပြုလုပ်မယ့် ဟန်ပြလူရွေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လျက်ရှိတယ်လို့ အဲဒီအဖွဲ့ လေးဖွဲ့က ဆိုပါတယ်။

အာဏာသိမ်း စစ်အုပ်စုက တရားမဝင်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဟာ သူတို့အာဏာသက်ဆိုးရှည်စေရေးနဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် ပြစ်ဒဏ်ရှောင်လွှဲနိုင်ပြီး နိုင်ငံတကာမှာ လူရာဝင်ဖို့ လှည့်ဖြားနေတဲ့ ထောင်ချောက်တစ်ခုသာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။

ဒါကြောင့် စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို မွန်၊ကရင်နဲ့နိုင်ငံတဝှမ်းက ပြည်သူလူထုတွေအနေနဲ့ ရောက်ရာအရပ်မှ ကန့်ကွက်ဆန့်ကျင် သပိတ်မှောက်ကြဖို့ တိုက်တွန်းထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်းနဲ့ ပြည်သူတွေ မဲမပေးဖို့ လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MLMU-SU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.