မြဝတီ၊ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ် မြဝတီမြို့နယ်တောင်ဘက် လေးကေကော်မြို့အနီးက ရသေ့ဂူကျေးရွာဘက်မှာ စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းက စစ်ကော်မရှင်တပ်နဲ့ KNLA တော်လှန်ရေးအင်အားစုတို့အကြား ရသေ့ဂူနဲ့ ဖလူးလေးရွာကြားမျာ နှစ်ဖက်တိုက်ပွဲ နာရီပိုင်းကြာဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်က ဒရုန်းအသုံးပြုက ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ထိုင်း-မြန်မာနယ်စပ်နားမှာရှိတဲ့ မင်းလက်ပံကျေးရွာနဲ့ ဖလူးကြီး ဖလူးလေးကျေးရွာတို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တဲ့အတွက် KNLA တော်လှန်ရေးအင်အားစုတို့နဲ့ ထိတွေ့တိုက်ပွဲတွေ လအတန်ကြာ ဖြစ်ပွားနေတာပါ။
တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ လေကြောင်းနဲ့ ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိုင်းနိုင်ငံသားတချို့ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
လေးကေကော်မြို့သစ်ကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့အောက်တိုဘာလပိုင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့နောက် လေးကေကော်အနီးအနားပတ်ဝန်းကျင်တဝိုက်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ရာ KNLA တော်လှန်ရေးအင်အားစုတို့နဲ့ နှစ်ဖက်တိုက်ပွဲတွေ ဒီကနေ့အချိန်အထိ နေ့စဉ်နဲ့အမျှဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲတွေကြောင့် လေးကေကော်မြို့အပါအဝင် မင်းလက်ပံ၊ ပဟီးကလော်၊ ရသေ့ဂူ၊ မယ်ဝါးခီး စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူထောင်ချီဟာ ဘေးလွတ်ရာနေရာတွေဆီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်လိုအပ်လျက်ရှိတယ်လို့လည်း စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

