ဘုရားသုံးဆူမှာ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ငါးဦး ဒဏ်ရာရ

ဘုရားသုံးဆူ၊ ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်က DKBA စိုးမိုးထားတဲ့ ကြိမ်ချောင်းကျေးရွာမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးကားလမ်းမပေါ်ရှိ ကြိမ်းချောင်းကျေးရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်မှာ စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချခဲ့တာပါ။

ဗုံးကြဲမှုကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA အမှတ် ၂ ဗျူဟာမှူး ဗိုလ်မှူးကြီး စော‌အေဝမ်းရဲ့ နေအိမ်အနီးရှိ နွား‌မွေးခြံမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး နွားခြံအလုပ်သမား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အပြင် နွားအကောင်ရေ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီဗုံးကြဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် သုံးဦး ပါဝင်ပြီး သက်ကြီးပိုင်း အမျိုးသားနှစ်ဦးကတော့ ပေါင်နဲ့ ရင်ဘက်တွေမှာ ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးကြဲခံခဲ့ရတဲ့ နေရာအနီးပတ်ဝန်းကျင်မှာ ဗိုလ်မှူးကြီး စောအေဝမ်း ပိုင်ဆိုင်တဲ့ နွားမွေးမြူရေးခြံ၊ ဆိတ်မွေးမြူရေးခြံနဲ့ ပီလောပီနံ ရောင်းဝယ်ရေး၊ အုတ်ရုံအပြင် ဆေးရုံနဲ့ စာသင်ကျောင်းတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း ကြိမ်ချောင်းကျေးရွာရှိ ဗိုလ်မှူးကြီး စောအေဝမ်းရဲ့ နေအိမ်ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.