မြန်မာနဲ့ ရိုဟင်ဂျာ လူသားချင်းစာနာရေး ပြဿနာအတွက် အီးယူက ယူရို ၂၉ သန်း ခွဲဝေသတ်မှတ်

ဘရပ်ဆဲလ်၊ ဒီဇင်ဘာ ၁၉

ရိုဟင်ဂျာ ဒုက္ခသည်တွေ သူတို့ကို လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ချ်နဲ့ တခြားအိမ်နီးချင်း နိုင်ငံတွေရှိ လူမှုအသိုင်းအဝိုင်းတွေအတွက် ဖွံ့ဖြိုးရေး အကူအညီ ယူရို ၁၄ သန်း၊ မြန်မာ နိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ထိခိုက်နေတဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းရေး လူသားချင်း စာနာထောက်ထားရေး အကူအညီအဖြစ် ထပ်တိုး ယူရို ၁၅ သန်းကို ဥရောပသမဂ္ဂ(အီးယူ) က ခွဲဝေသတ်မှတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် အရှိန်မြင့်တက်နေပြီး နိုင်ငံတွင်း စစ်ဘေးရှောင်နေရသူတွေနဲ့ ဘင်္ဂလားဒေ့ချ် အပါအဝင် အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးရသူတွေ ပိုများလာချိန်မှာ အီးယူရဲ့ ရန်ပုံငွေ ထပ်မံ ထောက်ပံ့မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေချိန် အခုနှစ် စောစောပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အခြေအနေ ပိုဆိုးသွားခဲ့ပြီး ကျန်းမာရေး၊ ရေနဲ့ ပညာရေး၊ ရေဆိုးထုတ် စနစ် အသုံးခွင့်ရရှိရေး စတဲ့ အခြေခံဝန်ဆောင်မှု စနစ်တွေ ပြိုလဲသွားခဲ့ရသလို ဆာလောင်မွတ်သိပ်နေသူ အရေအတွက်လည်း ပိုများလာတယ်လို့ အီးယူက ပြောပါတယ်။

လူသားချင်း စာနာထောက်ထားရေး အကူအညီရဲ့ အများဆုံး ဝေစုဖြစ်တဲ့ ယူရို ၁၂ သန်းကို မြန်မာ ပြည်တွင်းစစ်ကြောင့် ထိခိုက်သူတွေအတွက် သုံးစွဲသွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အငတ်ဘေးနဲ့ ကြုံတွေ့ရနိုင်သူ အရေအတွက် စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက်လာနေတာကြောင့် အဲဒီ ရန်ပုံငွေတွေကို စားနပ်ရိက္ခာနဲ့ အာဟာရအတွက် ဦးစားပေး အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ချ်မှာလည်းပဲ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီနေတဲ့ အီးယူရဲ့ လက်ရှိ အစီအစဉ်တွေကို အားဖြည့်ရေး စားနပ်ရိက္ခာနဲ့အာဟာရ ဖြည့်တင်းရေး ဦးစားပေးပြီး ယူရို ၂ သန်း အသုံးပြုသွားမှာ ဖြစ်ပါတယ်။

နောက်ထပ် ယူရို တစ်သန်းကို တခြား အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးသွားခဲ့ရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

မတ်လက မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးအတွက် အရေးပေါ် ရန်ပုံငွေ ထောက်ပံ့မှု အပါအဝင် မြန်မာ ပြဿနာနဲ့ အဲဒီ ပြဿနာကြောင့် ထိခိုက်မှုရှိတဲ့ ဒေသဆိုင်ရာအတွက် လူသားချင်း စာနာထောက်ထားရေး အကူအညီအဖြစ် အီးယူက ယူရို သန်း ၅၀ နီးပါး ထောက်ပံ့ပေးခဲ့ပြီးနောက် ထပ်တိုး အကူအညီအဖြစ် အခုလိုမျိုး ကြေညာတာ ဖြစ်ပါတယ်။

အခုနှစ် ဘင်္ဂလားဒေ့ချ်အတွက် လူသားချင်းစာနာထောက်ထားရေး အကူအညီအဖြစ် နောက်ထပ် ယူရို ၃၂ သန်းကျော် ထောက်ပံ့ဖို့လည်း အီးယူက သတ်မှတ်ထားပြီး ဖြစ်ပါတယ်။

နောက်ထပ် ယူရို ၁၄ သန်းကို ဘင်္ဂလားဒေ့ချ်နိုင်ငံ ကော့ဘဇားဒေသရှိ ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ဖွံ့ဖြိုးရေး အကူအညီအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။

အဲဒီ ရန်ပုံငွေတွေနဲ့ ဒုက္ခသည်တွေရဲ့ အလုပ်အကိုင် စွမ်းရည်တွေကို တိုးမြှင့်ပေးသွားမှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ပြီး ဘင်္ဂလားဒေ့ချ်နိုင်ငံထဲ ထပ်ပြီး ထွက်ပြေးလာသူ အရေအတွက် ပိုများလာနေပြီး ၂၀၂၄ ဇန်နဝါရီ နောက်ပိုင်း ၁၃၆၀၀၀ ကျော် ရှိတယ်လို့ အီးယူက ပြောပါတယ်။

ဘင်္ဂလားဒေ့ချ်ရှိ ဒုက္ခသည် စခန်းတွေမှာ ပိုမိုဆိုးရွားလာနေတဲ့ အခြေအနေတွေကြောင့် ဒုက္ခသည်တွေ အများကြီးဟာ တခြားနိုင်ငံတွေဆီ ထွက်ပြေးဖို့ အန္တရာယ်များတဲ့ ရေလမ်းခရီးတွေကို ရွေးချယ်လာမှု ပိုများလာတယ်လို့ အီးယူက ပြောပါတယ်။

Ref: Eureporter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.