မြစ်ကြီးနား ၊ ဒီဇင်ဘာ ၁၈
စစ်ရှုံးနယ်မြေအတွင်းက ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေမရှိဘူးလို့ စစ်ကော်မရှင် ဝန်ခံထားတဲ့ ၅၆ မြို့နယ်မှာ အတတ်နိုင်ဆုံး ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ဖို့ ရည်ရွယ်ထားတယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထုတ်ပြောလာပါတယ်။
စစ်ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ ဒုစစ်ခေါင်းဆောင်က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားတပ်နယ်က အရာရှိ စစ်သည် မိသားစုဝင်တွေနဲ့ တွေ့ဆုံမှုအတွင်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။
ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲပထမပိုင်းကို ၁၀၂ မြို့နယ်၊ ဒုတိယပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကိုတော့ နှစ်ပတ်အကြာ (ဇန်နဝါရီ ၂၅ ရက်နေ့) ၇၂ မြို့နယ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲပေးပိုင်ခွင့်ရှိသူ အားလုံး မဲပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူတွေ ကျရာကဏ္ဍကနေ ဝိုင်းကြိုးပမ်းရမှာဖြစ်ပြီး ကျန်ရှိတဲ့ ၅၆ မြို့နယ်ကိုလည်း ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့ ဒုစစ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။
ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် အချိန်ကာလကိုတော့ ထည့်သွင်းပြောဆိုတာ မရှိပေမယ့် ရွေးကောက်ပွဲ ကျင်းပပြီးစီးချိန်မှာ လွှတ်တော်ခေါ်ယူပြီး အသစ်ဖွဲ့စည်းမယ့် အစိုးရကို နိုင်ငံတော်ရဲ့ တာဝန်တွေကို လွှဲပြောင်းပေးအပ်သွားမယ်လို့ ဆိုပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က အပိုင်းလိုက်ရွေးကောက်ပွဲကနေ အစိုးရသစ်ဖွဲ့စည်းပြီးချိန်ကျမှသာ ကြားဖြတ်ရွေးကောက်ပွဲကို နယ်မြေအခြေအနေပေါ် မူတည်ပြီး အကန့်လိုက် လုပ်လာမယ့် အနေအထားမျိုးလို့ သုံးသပ်ပါတယ်။
“ကြားဖြတ်ရွေးကောက်ပွဲဆိုတာတော့ ကာလတော်တော်ကြီး ကြာသွားလိမ့်မယ်။သူတို့ တရားမဝင်တဲ့ အစိုးရအသစ်တွေ တက်လာပြီး နောက်ပိုင်းကျခါမှ ဒီကြားဖြတ်ရွေးကောက်ပွဲကိုလည်း အကန့်လိုက် အကန့်လိုက် လုပ်လာမယ်။နိုင်ငံရေးနဲ့ တချက် ချိန်ထိုးရင်တော့ ဒီနေရာကနေ လွှတ်တော်ထဲကို ဝင်ချင်ရင်တော့ ဒီမြို့နယ်က အေးချမ်းရင် ရွေးကောက်ပွဲလုပ်လို့ရတဲ့ အနေအထားမျိုး ရှိရင် ဝင်လာမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဆိုတော့ အဲဒီကြားဖြတ်ရွေးကောက်ပွဲဆိုတာတောင်မှပဲ ထပ်ပြီးတော့ အကန့်လိုက် အကန့်လိုက်တွေ Extensions ဆွဲသွားမယ့် အနေအထားမျိုးပဲ ကျွန်တော်တို့ကတော့ ခန့်မှန်းလို့ ရပါတယ်ဗျ”လို့ ဆိုပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲလုပ်မယ့် ၅၆ မြို့နယ်ဟာ ပြည်နယ်ထဲက ကချင်၊ချင်း၊ရခိုင်၊ကယားနဲ့ ရှမ်းအပါအဝင် တိုင်းဒေသကြီးထဲက မန္တလေး၊စစ်ကိုင်းနဲ့မကွေးတို့မှာရှိတဲ့ မြို့နယ်တွေ ပါဝင်ပြီး လွှတ်တော်သုံးရပ်လုံးရဲ့ မဲဆန္ဒနယ် ၁၂၁ နယ်အထိ ပါဝင်နေတာပါ။
အဲဒီ မဲဆန္ဒနယ်တွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေ မရှိဘူးလို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၄ ရက်နေ့မှာ အသိပေးဝန်ခံထားပြီး ဖြစ်ပါတယ်။
အကြောင်းကတော့ PDF အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIA ၊ အာရက္ခတပ်တော် AA ၊ ကရင်နီတပ်ပေါင်းစုတွေ ၊ ချင်းတော်လှန်ရေးတပ်တွေနဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေ အများဆုံး ပါဝင်နေတာပါ။
ဒါ့အပြင် နှစ်ဘက်စစ်ရေးတင်းမာနေတဲ့ မြို့နယ်တွေနဲ့ စစ်ကော်မရှင် အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေလည်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေထဲမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။
တစ်ဘက်မှာ AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၁၄ ခုရှိတဲ့ထဲမှာ ၁၀ မြို့နယ်ကိုသာ ရွေးကောက်ပွဲမကျင်းပမယ့် မဲဆန္ဒနယ်တွေအဖြစ် ကြေညာထားပြီး ကျန်တဲ့ သံတွဲ၊ ဂွ၊ အမ်းနဲ့ တောင်ကုတ်မြို့နယ်တွေကို ချန်လှပ်ထားတာပါ။
ဒါဟာ AA ထိန်းချုပ်နယ်မြေထဲက မြို့နယ်လေးခုမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် သဘောမျိုး သက်ရောက်နေသလို ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ထန်တလန်၊တွန်းဇံနဲ့ ဖလမ်းမြို့နယ်တွေမှာလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ့် သဘောမှာ ရှိနေပါတယ်။
ချင်းပြည်နယ်က ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မြို့နယ် ၇ ခုရှိတဲ့ထဲက လေးမြို့နယ်ကိုသာ ရွေးကောက်ပွဲမကျင်းပတဲ့ မဲဆန္ဒနယ်မြေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထည့်သွင်းထားတာကြောင့်ပါ။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်ကော်မရှင် အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ မြို့နယ်တွေမှာ ရသလောက် ကြားဖြတ်ရွေးကောက်ပွဲ လုပ်သွားမယ့် ပုံစံမျိုးလို့ ပြောပါတယ်။
“သူတို့ ရွေးကောက်ပွဲလုပ်တယ်ဆိုတဲ့ အနေအထားကလည်း ရွေးကောက်ပွဲလုပ်တာတော့ လုပ်တာပဲ။သူတို့ မြို့နယ်ရုံးစိုက်တဲ့ နေရာတွေကို မရလို့ ရရင် ကျန်တဲ့ ဒေသတွေ ပါပါ မပါပါ လုပ်မယ်ဆိုတဲ့ ပုံစံမျိုးကို သွားပြီး တွေ့ရတယ်ဗျ။ အဲဒီတော့ အပြည့်အဝ မထိန်းချုပ်နိုင်လည်း ဒီဟာက ကြားဖြတ်ရွေးကောက်ပွဲအနေနဲ့တော့ လုပ်တော့ လုပ်သွားမှာပဲ”လို့ ဆိုပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ သူတို့ ထိန်းချုပ်နယ်မြေတွေမှာ အတုအယောင်ရွေးကောက်ပွဲကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြောထားကြတာပါ။
လက်ရှိမှာ အပိုင်း ၁ နဲ့ အပိုင်း၂ ရွေးကောက်ပွဲကျင်းပမယ့် ၂၀၂ မြို့နယ်အတွင်းရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀၀ နီးပါးမှာ ရွေးကောက်ပွဲမကျင်းပမယ့် နယ်မြေတွေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

