ပုလော၊ ဒီဇင်ဘာ ၁၈
တနင်္သာရီတိုင်း ပုလောမြို့နယ် ဆားခဲကျေးရွာမှာ ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာမကြီးတို့ ဇနီးမောင်နှံနှစ်ဦး ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသအခြေ စိုက် တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပုလောမြို့နယ် ဆားခဲကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၉ နှစ်အရွယ် CDM ဝန်ထမ်း ဆရာမကြီး ဒေါ်အေးသီအောင်နဲ့ ခင်ပွန်းဖြစ်သူ အသက် ၄၀ ကျော်အရွယ် ကိုပြည့်ဖြိုးနိုင်တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင် ဘာ ၁၆ ရက် မနက် ၁ နာရီအချိန်ခန့်မှာ နေအိမ်အတွင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။
ပုလောမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံဖြစ်တဲ့ ဆရာမကြီး ဒေါ်အေးသီအောင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကတည်းက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်ခဲ့ပြီး ဒေသတွင်း ကလေးငယ်တွေရဲ့ ပညာရေးနဲ့ စာတတ်မြောက်ရေးမှာ ဦးဆောင်ကြိုးပမ်းနေသူ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဇနီးမောင်နှံနှစ်ဦးကို လူတစ်စုက နေအိမ်အပေါ် တက်ပြီး ဓားနဲ့ခုတ်သတ်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို အပြစ်မဲ့ပြည်သူနဲ့ နိုင်ငံ့ဝန်ထမ်းကောင်း ပညာရေးဝန်းထမ်းအား ရက်ရက်စက်စက် အကြမ်းဖက် လုပ်ကြံသတ်ဖြတ်သွားမှုကို မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
ကျူးလွန်သူ တရားခံအား ဖမ်းဆီးရမိရေးနဲ့ တရားဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ဦးဆောင်ပြီး မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ကြိုးစားဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ပြစ်မှုကျူးလွန်သူတွေအနေနဲ့ ဘယ်နေရာကိုမဆို ထွက်ပြေးတိမ်းရှောင်ပါက တပ်ရင်းအနေနဲ့ လိုက်လံဖော်ထုတ်သွားမှာဖြစ်ပြီး တရားခံနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရရှိပါက တပ်ရင်းတာဝန်ရှိသူတွေထံ ပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

