ဝါရှင်တန်၊ ဒီဇင်ဘာ ၁၇
ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေနဲ့ ဆီးရီးယားနိုင်ငံသားတွေ အပါအဝင် နောက်ထပ် နိုင်ငံပေါင်း ၇ နိုင်ငံက လူတွေကို အမေရိကန်သို့ ဝင်ရောက်ခွင့် တားမြစ်ပြီးတော့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ဒီဇင်ဘာ ၁၆ ရက်မှာ ခရီးသွားခွင့် တားမြစ်ချက်ကို သိသိသာသာ တိုးမြှင့်လိုက်ပါတယ်။
နောက်ဆုံးလုပ်ရပ်ကြောင့် အမေရိကန်သို့ ဝင်ရောက်ခွင့် တားမြစ်ခံရတဲ့နိုင်ငံ အရေအတွက် ၄၀ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

ထရန့်က အနောက်နိုင်ငံတွေဆီကနေ အမေရိကန်သို့ လာရောက်မယ့်သူတွေ အပေါ်ကိုလည်း စည်းကမ်းတင်းကြပ်မှုတွေ ပြုလုပ်ထားပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေအပေါ် ရန်လိုနေတာ ကြာပြီ ဖြစ်တဲ့ ထရန့်က ရွှေ့ပြောင်းနေထိုင်သူတွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်တာတွေ၊ လူဖြူမဟုတ်တဲ့ အမေရိကန်နိုင်ငံသား အသစ်တွေအပေါ် သဘောထား တင်းတင်းမာမာနဲ့ ပြောဆိုမှုတွေ ပိုများလာချိန်မှာ အခုလိုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အိမ်ဖြူတော်ကတော့ အမေရိကန်နိုင်ငံသားတွေကို အန္တရာယ် ပြုဖို့ ရည်ရွယ်တဲ့ နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် တားမြစ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ ယဉ်ကျေးမှု၊ အုပ်ချုပ်ရေး၊ အဖွဲ့အစည်းတွေ ဒါမှမဟုတ် အခြေခံ မူဝါဒတွေကို အားလျော့အောင် ဒါမှမဟုတ် မတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်မယ့် နိုင်ငံခြားသားတွေကို ထရန့်က တားဆီးလိုတာ ဖြစ်တယ်လို့ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆီးရီးယားမှာ အမေရိကန် တပ်ဖွဲ့ဝင် နှစ်ဦးနဲ့ အရပ်သား တစ်ဦး သတ်ဖြတ်ခံရပြီးနောက် ရက်ပိုင်း အကြာမှာ ဆီးရီးယား နိုင်ငံသားတွေကို အမေရိကန်သို့ လာရောက်ခွင့် တားမြစ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကျူးလွန်သူဟာအစွန်းရောက် အစ္စလာမ္မစ် အတွေးအခေါ်တွေကြောင့် ဖျက်သိမ်းဖို့ စီစဉ်ထားတဲ့ လုံခြုံရေး တပ်ဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်တယ်လို့ ဆီးရီးယား အာဏာပိုင်တွေက ပြောထားပါတယ်။
အမေရိကန်သို့ ဝင်ရောက်ခွင့်တားမြစ်လိုက်တဲ့ တခြား နိုင်ငံတွေထဲမှာ အာဖရိကရှိ အဆင်းရဲဆုံး နိုင်ငံတွေ ဖြစ်တဲ့ ဘာကီနာဖာဆို၊ မာလီ၊ နိုင်ဂျာ၊ ဆီယာရာ လီယွန်နဲ့ တောင်ဆူဒန် တို့အပြင် လာအိုနိုင်ငံလည်း ပါဝင်ပါတယ်။
နိုင်ဂျီးရီးယား၊ အိုင်ဗရီကို့စ်နဲ့ ဆီနီဂေါတို့ အပါအဝင် တခြား အာဖရိကနိုင်ငံတွေကိုလည်း ထရန့်က တစ်စိတ်တစ်ပိုင်း ခရီးသွားခွင့် တားမြစ်ထားပါတယ်။
အဲဒီလို တားမြစ်တဲ့ စာရင်းထဲမှာ အမေရိကန်မှာ လာမယ့်နှစ် ကျင်းပမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ထားတဲ့ နိုင်ငံ တချို့ ပါဝင်နေသလို ကနေဒါနဲ့ မက္ကစီကိုတို့လည်း ပါဝင်နေပါတယ်။
ထရန့် အစိုးရက ကမ္ဘာ့ဖလားအတွက် အဲဒီ နိုင်ငံတွေက အားကစားသမားတွေကို အမေရိကန်သို့ ဝင်ရောက်ခွင့်ပေးမယ်လို့ ပြောထားပေမယ့် တားမြစ်ထားတဲ့ နိုင်ငံတွေက လာရောက် အားပေးမယ့် ပရိသတ်တွေကို ဝင်ရောက်ခွင့် ပေးမှာလားဆိုတာကိုတော့ ပြောဆိုထားတာ မရှိသေးပါဘူး။
Ref:AFP

