လောင်းလုံး၊ ဒီဇင်ဘာ ၁၆
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော် သုံးဦး ကျဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က လောင်းလုံးမြို့နယ် ညှင်းမော်ရွာနဲ့ ရင်းဘုတ်ရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေအတွင်း LLPDF တပ်ဖွဲ့ဘက်က တပ်စုမှူး ရဲဘော်ဘဦး၊ ရဲဘော် ဂျမ်ဘိုနဲ့ရဲဘော်နွေဦးတို့ သုံးဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် ပြည်သူ့တော်လှန်ရေး အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲ ဝင်သွားမယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှု အများအပြား ရှိပြီး အရေအတွက် အတိအကျကို ဆက်လက် စုံစမ်းနေတယ်လို့ LLPDF ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လောင်းလုံးမြို့နယ်မှာ ရွေးကောက်ပွဲနီးကပ်လာချိန် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်

