ပုလောမှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ပုလော၊ ဒီဇင်ဘာ ၁၆

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ ယန္တရားလည်ပတ်ရေးအတွက် အဓိက လုပ် ဆောင်ပေးနေတဲ့ အမှတ် ၁ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခေါ်ဆောင်လာချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။

မနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်အတွက် ဒေသခံလူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းဖို့ စီစဉ်းပေးတဲ့ အသက် ၅၈ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးမိုးနိုင်ကို ခေါ်ယူစစ်ဆေးဖို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

ဦးမိုးနိုင်ကို သွားရောက်ဖမ်းဆီးချိန် စစ်ကော်မရှင်တပ်သားတွေနဲ့ ထိပ်တိုက်တွေ့တာမဟုတ်ဘဲ ဖမ်းဆီးလာတဲ့လမ်းရှိ ရှပ်ပုံကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်သားတွေနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုအတွင်း ဦးမိုင်းနိုင်ဟာ စစ်ရေးအခြေအနေကို အခွင့်ကောင်းယူကာ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် လုံခြုံရေးအတွက် မလွှဲသာမရှောင်သာ ပစ်ခတ်ထိန်းသိမ်းရာမှ သေဆုံးသွားခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ဖက်မှာလည်း ဦးမိုးနိုင်ရဲ့ မိသားစုဝင်တွေဟာ ရပ်ရွာအတွင်း မူးယစ်ဆေးရောင်းဝယ် ဖြန့်ဖြူးမှုတွေမှာ ပါဝင်ပတ်သက်နေတဲ့ တိုင်ကြားစာတွေ ရရှိထားတဲ့အပြင် ဦးမိုးနိုင်ဟာလည်း စစ်ကော်မရှင်ရဲ့ ယန္တရားလည်ပတ်ရေးအတွက် အဓိကထောက်တိုင်အဖြစ် ဆောင်ရွက်ပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းအနေနဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင် စစ်မှုထမ်းဥပဒေကို အသက်သွင်းဖို့ အားပေးကူညီနေသူတွေနဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံမှုကို ခြိမ်းခြောက်နေသူတွေကို ထိရောက်စွာ ဆက်လက်တိုက်ဖျက်သွားမယ်လို့ အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း ပုလောမြို့နယ် ကျောက္ကာကျေးရွာမှာ စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုလုပ်နေတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဥက္ကဠ ဦးကြည်သန်းကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.