ရေဖြူ ၊ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်း ရေဖြူမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရေဖြူမြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ကို ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ကစလို့ စစ်ကော်မရှင်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ အဲဒီနေရာ နှစ်ခုကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီစီးနင်းမှုကြောင့် အချိန် ၃ နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့တချို့ကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် ရေဖြူအခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ တပ်ရင်း နှစ်ခုကနေ လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ရေဖြူမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ကို စီးနင်းသိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် စစ်ကော်မရှင် ဝါဒဖြန်သတင်းစာရဲ့ ဖော်ပြချက်အရ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရေဖြူမြို့မရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ထွေအုပ်ရုံး၊ သစ်တော်ရုံး၊ စုပေါင်းဌာနဆိုင်ရာရုံး၊ မြန်မာ့စီးပွားရေဘဏ်နဲ့ ဝန်ထမ်းအိမ်ရာတို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ ရေဖြူတိုက်ပွဲနဲ့ ပတ်သက်ပြီး မကြာမီ အသေးစိတ် သတင်းထုတ်ပြန်ပေးမယ်လို့ ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.