လန်ဒန်၊ ဒီဇင်ဘာ ၁၃

မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ထိန်းချုပ် ခြယ်လှယ်ပြီး ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဗြိတိန်အစိုးရက ပြစ်တင် ရှုတ်ချပြီး ဒေသတွင်း လူ့အခွင့်အရေး ဆက်လက် ထောက်ခံပေးဖို့ ဒီဇင်ဘာ ၁၂ ရက် အစီရင်ခံစာမှာ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူး တွမ် အန်ဒရူးက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးစုံစမ်းစစ်ဆေးရေးမှူး တွမ် အန်ဒရူးက ဗြိတိန်အစိုးရအနေနဲ့ စစ်ခေါင်းဆောင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲကို ကိုယ်တိုင် ပြစ်တင် ရှုတ်ချပြီး အထူးသဖြင့် အာရှတိုက်ရှိ အစိုးရတွေအပါအဝင် တခြား အစိုးရအဖွဲ့တွေကိုလည်း အဲဒီလို လုပ်ဆောင်ရေး ဆော်သြပေးဖို့ မိမိအနေနဲ့ တိုက်တွန်းကြောင်း ပြောပါတယ်။

တရားဝင် ဖြစ်လာအောင် စစ်ကော်မရှင်က ကြိုးပမ်းနေတဲ့ နည်းလမ်း တစ်ခု ဖြစ်တဲ့ အတုအယောင် ရွေးကောက်ပွဲကို အားကောင်းကောင်းနဲ့ တစ်စုတစ်စည်းတည်း ပယ်ချကြဖို့ မရှိမဖြစ် လိုအပ်တယ်လို့ တွမ် အန်ဒရူးက ပြောတာပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေး တည်ငြိမ်စေရေး၊ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေ လျော့ပါးသွားစေရေး လာမယ့် ဒီဇင်ဘာ ၂၈ ရက်က စတင်ပြီး ရွေးကောက်ပွဲကို အဆင့် သုံးဆင့်ခွဲပြီး ကျင်းပသွားမယ်လို့ စစ်ကော်မရှင်က အရင်က ပြောဆိုခဲ့ပါတယ်။

စစ်တပ်က တစ်ဖက်သတ် ဖမ်းဆီးတာတွေ အကြိမ်ကြိမ် ပြုလုပ်နေပြီး လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊မ အခြေခံ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ နည်းလမ်းတွေ ပိုသုံးလာနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောထားပါတယ်။

မကြာသေးခင်က ရွေးကောက်ပွဲ ဆန့်ကျင်ရေး မက်ဆေ့ချ် ပေးပို့မှုနဲ့ လူတစ်ယောက်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး မကွေးမှာ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

စစ်တပ်က အရပ်သား ပစ်မှတ်တွေကို ဆက်လက်ပြီး အရှိန်မြှင့် အကြမ်းဖက် တိုက်ခိုက်နေချိန်မှာ ၂၀၂၄ ခုနှစ်အောက်တိုဘာ နောက်ပိုင်း ဗြိတိန်က မြန်မာ စစ်တပ်ခေါင်းဆောင်တွေကို အရေးယူပိတ်ဆို့မှု ပြုလုပ်တာ မရှိသေးတဲ့ အချက်ကို ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးမှူးက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တုံ့ပြန်မှုတွေဟာလည်း လိုအပ်ချက်တွေ အများကြီး ရှိနေတယ်လို့ သူက ဝေဖန်ထားပါတယ်။

ဗြိတိန်က မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြည့်ဝစေဖို့ ကူညီပေးသွားမယ်လို့ အရင်က ပြောဆိုထားခဲ့ပါတယ်။

စစ်တပ်ဟာ မကြာသေးခင်က ရခိုင်ပြည်နယ်ရှိ ဆေးရုံတစ်ခုကို ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲချပြီး တိုက်ခိုက်ခဲ့တာကြောင့် လူ ၃၀ ကျော် သေဆုံးပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကော်မရှင်ဟာ တရုတ်နဲ့ ရုရှားဆီက လက်နက်နဲ့ နည်းပညာ အကူအညီတွေ ဆက်လက် ရရှိနေပြီး အကြမ်းဖက်မှုတွေ စစ်ရာဇဝတ်မှုတွေ ဆက်လက် ကျူးလွန်နေပါတယ်။

Ref:Jeurist News

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.