စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ တရားဝင်ဖြစ်လိုမှုကို ရိုက်ချိုးနိုင်မလား

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၂

တနိုင်ငံလုံးကနေ တစ်ပြိုင်တည်း ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အသံတိတ်သပိတ် လှုပ်ရှားမှုနဲ့ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာနဲ့ တရားဝင်ဖြစ်လိုမှုကို ရိုက်ချိုးနိုင်ခဲ့ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိပေးပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ် လှုပ်ရှားမှုဟာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုနဲ့ အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့အတွက် အဲဒီနေ့မှာပဲ NUG က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ထုတ်ပြန်ခဲ့တာပါ။

မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအထိ ဆိုင်ခန်းတွေကို ပိတ်ထားခြင်း၊ လမ်းတွေပေါ်မှာ သွားလာမှုမပြုဘဲ နေအိမ်မှာ တိတ်ဆိတ်စွာ နေထိုင်ခြင်းစတဲ့ ပြတ်သားတဲ့ နည်းလမ်းတွေနဲ့ တော်လှန်ရေးသစ္စာကို ထပ်မံသက်သေပြနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အသံတိတ်သပိတ်လှုပ်ရှားမှုနဲ့ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲဟာ လူထုဆန္ဒ လုံးဝ မပါဝင်ကြောင်းကိုလည်း ခိုင်ခိုင်မာမာ ဖော်ထုတ်နိုင်ခဲ့ပြီး အတုအယောင် ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာနဲ့ တရားဝင်ဖြစ်လိုမှုကို ရိုက်ချိုးနိုင်ခဲ့ပြီလို့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က စစ်ကော်မရှင် စိုးမိုးနယ်မြေတွေမှာ ရွေးကောက်ပွဲကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့က (စစ်ကော်မရှင်) လေးယောက်လာပေးလည်း ရတယ်လို့ ပြောပြီးသားလေ။လေးယောက်ပဲ လာပေးလည်း ရတယ်။အဲဒါမို့လို့ အဲဒီဟာကို တားဆီးနိုင်မယ်လို့တော့ မထင်ပါဘူး။ သူတို့ စိုးမိုးနယ် မြေတွေ သေနတ်အောက်က နယ်မြေတွေကတော့ တားဆီးလို့ ရနိုင်မယ်မထင်ပါဘူး”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဥပဒေတွေမှာ မဲပေးသူ ရာခိုင်နှုန်း အနည်းဆုံး ဘယ်လောက်ရှိမှ ရွေး ကောက်ပွဲ အထမြောက်တယ်ဆိုတာ ထည့်သွင်းပြဌာန်းထားခြင်း မရှိပါဘူး။ပြည်သူလူထုတွေကလည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု မရှိကြဘူးလို့ ပြောဆိုထားကြတာပါ။

ဒါပေမယ့် လက်ရှိမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတချို့နဲ့ စစ်ကော်မရှင် အုပ်ချုပ်ရေးအောက်မှာ တည်ရှိတဲ့ တက္ကသိုလ် ဒီဂရီကောလိပ်က ကျောင်းသားကျောင်းသူတွေဆီက ဆန္ဒမဲလက်မှတ်နဲ့ ကြိုတင်မဲ သောင်းချီရရှိထားတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာမှာ သတ်မှတ်ကာလအတွင်း လာရောက်ကြိုတင်ဆန္ဒမဲပေးခဲ့ကြတဲ့ တက္ကသိုလ် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း ၂၈၃၃၉ ဦး ရှိတယ်လို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနိုင်ရေး မြန်မာ နိုင်ငံဆိုင်ရာ သံရုံးအပါအဝင် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံး ၅၀ တို့မှာ သတ်မှတ်ရက်တွေအလိုက် ကြိုတင်မဲပေးတဲ့ အစီအစဉ်တွေကို လုပ်ဆောင်နေတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားတာပါ။

အဲဒီလုပ်ဆောင်ချက်တွေအရ ဒီဇင်ဘာ ၈ ရက်နေ့အထိ မြန်မာသံရုံး၊အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံး ၄၁ ရုံးမှာ ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးစီးခဲ့ပြီလို့ ဝါဒဖြန့်ထားပေမယ့် မဲပေးသူအရေအတွက်ကိုတော့ ဖော်ပြခြင်း မရှိခဲ့ပါဘူး။

တချို့သော မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေရဲ့ Facebook စာမျက်နှာကနေ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင်မဲတွေ ဆက်ပေးနိုင်ရေး ကျန်ရှိတဲ့ ရုံးတွေအနေနဲ့လည်း သတ်မှတ်နေ့ရက်တွေကို တိုးမြှင့်ထားတာ တွေ့ရပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ဒါရိုက်တာ နိုင်အဲမွန်က အတုအယောင်ရွေးကောက်ပွဲကို စစ်ကော်မရှင်အနေနဲ့ သူ့ပရိတ်သတ်နဲ့သူ နိုင်ငံရေးသိက္ခာမရှိ အရှက်မရှိစွာ လုပ်သွားလိမ့်မယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီစစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲရဲ့ ဂုဏ်သိက္ခာတွေ တရားမဝင်မှုတွေက တဖြည်းဖြည်းနဲ့တော့ မှေးမှိန်နေတာ ကျွန်တော်တို့ မျက်မြင်ပါနော်။ သူတို့ ဘယ်လိုပဲ အတင်းတွန်းပြီးတော့ လုပ်တယ်ဆိုဦးတော့ သူ့လူတွေရဲ့ ထောက်ခံမှုနဲ့ သူတို့ ပရိသတ်နဲ့ သူတို့ကတော့ မဖြစ်ဖြစ်အောင် သူတို့ လုပ်မယ့်အခြေအနေတော့ တွေ့ရတယ်။မဖြစ်ဖြစ်အောင် လုပ်ပြီးတော့ နိုင်ငံ ရေးသိက္ခာမရှိ အရှက်မရှိစွာနဲ့ဘဲ နိုင်ငံရေးဇာတ်ခုံကို သွားလိမ့်မယ်”လို့ ဆိုပါတယ်။

အတုအယောင်ရွေးကောက်ပွဲရဲ့ ရလဒ်ကို နိုင်ငံတကာက လက်မခံအောင် စစ်ကော်မရှင် ချိုးဖောက်ခဲ့တဲ့ လူ့အခွင့်အရေးဖြစ်စဉ်တွေကို သက်သေအထောက်အထားနဲ့တကွ အဆက်မပြတ် မှတ်တမ်းတင် ဖော်ထုတ်ပြောဆိုတာတွေ လုပ်နေရလိမ့်မယ်လို့ သူက မှတ်ချက်ပြုပါတယ်။

အသံတိတ်သပိတ်လှုပ်ရှားမှုမှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရေး၊ တရားမဝင် အတု အယောင် ရွေးကောက်ပွဲကို လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ကြရေးနဲ့ အဓမ္မစစ်မှုထမ်းဥပဒေကို လုံးဝဖျက်သိမ်းရေးဆိုတဲ့ တောင်းဆိုချက်တွေနဲ့ ပြုလုပ်ခဲ့တာပါ။

ပြည်သူလူထုတရပ်လုံးဟာ အရင်က ပြုလုပ်ခဲ့ကြတဲ့ အသံတိတ်သပိတ် (၅) ကြိမ်လုံးမှာလည်း Silent Strike ဆိုတဲ့ အသံကြားရုံနဲ့ စစ်အာဏာရှင်တွေ ကြောက်ရွံ့တုန်လှုပ် လာရတဲ့အထိ စုစည်းမှုအင်အားကို ပြသနိုင်ခဲ့ကြတာလို့ NUG က ဆိုပါတယ်။

အခုတစ်ကြိမ်မှာလည်း ပြည်သူလူထုရဲ့ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ တော်လှန်ရေးအရှိန် မသေသေးဘူးဆိုတဲ့ ပြယုဂ်ကို သက်သေထူပြီး မြင်တွေ့ခဲ့ကြတာလို့ လေ့လာသူတွေက ထောက်ပြပါတယ်။

သပိတ်အင်အားစုတွေကတော့ လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံတစ်နိုင်ငံက နိုင်ငံသားတွေရဲ့ တိတ်ဆိတ်ခြင်းနဲ့ ကြွေးကြော်သံကို ကမ္ဘာတစ်ဝှမ်း ကြားအောင် စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ အထမြောက်သွားခဲ့သည်တိုင်အောင် ဓား‌ထောက်ပြီး လက်မြှောက်ခိုင်းခဲ့တာ ဖြစ်ကြောင်း သိရှိဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ ဥက္ကဌ မိသုတဂျော်က လူထုကို အကျပ်ကိုင်ပြီး ပုံပြရွေးကောက်ပွဲလုပ်လာနိုင်ပေမယ့် လူထုဆန္ဒ မပါဝင်ကြောင်း ပြသရမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူ့အခွင့်အ‌ရေးနေ့မှာတောင်မှာ အကြမ်းဖက်မှုတွေ များစွာရှိနေတယ်ဆိုတော့ အကျပ်ကိုင်ပြီးမှ လူတချို့ လာပြီး ပုံပြ ရွေးကောက်ပွဲလုပ်လာနိုင်ပေမယ့်လည်း အကျိုးသက်ရောက်မှု မရှိဘူး။ နောက် လူ့အခွင့်အရေးလည်း ထပ်ပြီးမှ ချိုးဖောက်နေတာ ရှိတယ်ဆိုတာကိုတော့ ကျွန်မတို့ ပြပြီး (နိုင်ငံတ ကာက စစ်ကော်မရှင်ရွေးကောက်ပွဲကို မထောက်ခံဖို့) စည်းရုံးလှုံ့ဆော်မှု လုပ်လို့ ရပါတယ်။ နောက် ပြီးတော့ လူထုရဲ့ အသံ‌ပေါ့။ဆန္ဒမဲ မပေးခဲ့ဘူး၊ ဆန္ဒမဲမှာ မပါကြဘူး စတဲ့ လုပ်ငန်းတွေလည်း နိုင်ငံ တကာက ကြားသိရမှာပါ”လို့ ဆိုပါတယ်။

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ စစ်ကော်မရှင်က အာဏာသိမ်းမှုကို တရားဝင်ဖြစ်ဖို့ ပြည်သူလူထုရဲ့ ရွေးကောက်ခံအစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ရေး အပိုင်းသုံးပိုင်းနဲ့ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်ထားတာပါ။

ဒါကြောင့် ဒီနှစ်ကုန်ပိုင်းနဲ့ နောက်နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် အပိုင်း ၁ နဲ့ အပိုင်း ၂ အထွေထွေ ရွေးကောက်ပွဲတွေမှာ ၂၀၂ မြို့နယ်အတွင်း ပြုလုပ်ဖို့ စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ၂၀၂ မြို့နယ်အတွင်းရှိ ရန်ကုန်တိုင်းနဲ့ နေပြည်တော်ကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀၀ နီးပါးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ အခြေအနေမရှိဘူးလို့ ဝန်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.