မော်လမြိုင်၊ဒီဇင်ဘာ ၁၀  

မွန်ပြည်နယ် မော်လမြိုင်မြို့အနီးက သမိုင်းဝင် ခေါင်းဆေးကျွန်းမှာ ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံကနေ သိရပါတယ်။

အဲဒီမီးလောင်မှုဟာ ဆွမ်းချက်ရုံကနေတဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မီးသတ်အပါအဝင် လူမှုကူညီရေးအဖွဲ့တွေက စက်လှေတွေနဲ့ကူးပြီး မီးသွားရောက်ငြိမ်းသက်ခဲ့ရတာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် ရှေဟောင်းဘုန်းကြီးကျောင်းရဲ့ ပင်မကျောင်းအဆောင် မီးလောင်ပျက်စီးခဲ့ရပြီး ရဟန်းသံဃာတွေနဲ့လူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။

ခေါင်းဆေးကျွန်းရဲ့ ပင်မကျောင်းအဆောင် မီးလောင်ကို မနက် ၈ နာရီခွဲအချိန်လောက်မှာ မီးငြိမ်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သမိုင်းဝင် ခေါင်းဆေးကျွန်း မီးလောင်မှုကို ဒေသခံပြည်သူတွေအကြား တစ်သက်မှာ တစ်ခါမှ မကြားကြောင်းနဲ့ ဒီဖြစ်စဉ်အပေါ် စိတ်မကောင်းဝမ်းနည်းမှုတွေ ရှိနေတယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

သံလွင်မြစ်၊ ဂျိုင်းမြစ်၊အတ္ထရံမြစ်တို့ ဆုံရာ နေရာမှာ တည်ရှိတဲ့ ခေါင်းဆေးကျွန်းဟာ ရာဇဝင်သမိုင်းတွေမှာ ဘုရင်တွေ ခေါင်းဆေးမင်္ဂလာ ပြုလုပ်တဲ့ ကျွန်းအဖြစ် ထင်းရှားသလို ရေဘယ်လောက် ကြီးကြီး ရေမမြှုပ်တာတာကြောင့် သမိုင်းဝင် အထင်ကရ ကျွန်းအဖြစ် သတ်မှတ်ထားကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.