မုန်း၊ ဒီဇင်ဘာ ၈

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်ထဲ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က မုန်းမြို့နယ်အခြေစိုက် အမှတ် (၇၃) ခြေလျင်တပ်ရင်းကနေ ညောင်ပင်သာကျေးရွာထဲကို လက်နက်ကြီး သုံးလုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၇၀ အရွယ် ဦးတိုးကြီးနဲ့ အသက် ၃၃ နှစ်အရွယ် ဦးသူရိန်စိုးတို့ ထိမှန်သေဆုံးခဲ့ပြီး အရပ်သား လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ကလည်း စစ်ကော်မရှင် လေတပ်က ဂျန်ရိုမော်တာနဲ့ လာရောက်ပစ်ခတ်ရာ တမောမရွာ‌‌‌ဟောင်းထဲ လက်နက်ကြီး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၇၀ အရွယ် အဘွားအိုတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် ကျွန်းကုန်းကျေးရွာထဲ စစ်ကော်မရှင်တပ်ရဲ့ တစ်နေ့ကုန် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၄၄ လုံး ထိမှန်ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်ကော်မရှင်တပ်ဟာ နတ်သံကွင်း-ကျောက်ကြီးလမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ လက်နက်ကြီးနဲ့ဒရုန်တွေ အများအပြား ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် အရပ်သားပြည်သူတွေ စိုးရိမ်ကြောက်လန့်ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

ရေး၊ ဒီဇင်ဘာ ၈

မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာရှိ စစ်ကော်မရှင် လက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့တစ်ခုဖြစ်တဲ့ လင်းဦးပြည်သူ့စစ်အဖွဲ့ရုံး ဝင်ရောက်တိုက်ခိုက်ခံရကြောင့် လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ ဒီဇင်ဘာ ၇ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ အာယုတောင်ကျေးရွာရှိ လင်းဦးပြည်သူ့စစ်အဖွဲ့ရုံးနဲ့ ဂိတ်စခန်းနေရာတို့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်နီးပါးကြာ ဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် လင်းဦးဟာလည်း ပေါင်မှာ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် လင်းဦးဟာ ရေးဘီလူးအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ဒုတိယအကြိမ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ရေးမြို့နယ်ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။

လင်းဦးပြည်သူ့စစ်အဖွဲ့ရုံး ဝင်ရောက်တိုက်ခိုက်မှု ရုပ်သံဖိုင်ကို ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သူရဲ့ လူမှုကွန်ရက် စာမျက်မှာ ထုတ်ပြန်ထားပါတယ်။

လင်းဦးပြည်သူ့စစ်အဖွဲ့ကို အာဏာသိမ်းကာလအတွင်း ရေးဘီလူးအဖွဲ့က ငါးကြိမ်ထက်မနည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ရေးဘီလူး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.