မကွေး ဒီဇင်ဘာ ၈

မကွေးတိုင်း ပွင့်ဖြူမြို့နယ်ရဲ့ ကျေးရွာအုပ်စု သုံးပုံ နှစ်ပုံနီးပါးမှာ ရွေးကောက်ပွဲမပြုလုပ်ဘူးလို့ စစ်ကော်မရှင်က ကြေညာထားပါတယ်။

ပွင့်ဖြူမြို့နယ်မှာ ကျေးရွာအုပ်စု ၄၃ အုပ်စု ရှိပြီး ၁၇ အုပ်စုကို ရွေးကောက်ပွဲ မပြုလုပ်နိုင်ဘူးလို့ ဒီဇင်ဘာလ ၅ ရက်ရက်စွဲနဲ့ စစ်ကော်မရှင်က ကြေညာထားတာပါ။

“အဓိကကတော့ ဒီအုပ်စုကျေးရွာတွေကို ကာကွယ်ရေးအဖွဲ့တွေက ကာလအတန်ကြာ စိုးမိုးထားတဲ့အတွက်သူတို့အနေနဲ့ ရွေးကောက်ပွဲမလုပ်နိုင်တာပါ။ တကယ်က ဒါ့ထက်များနိုင်ပါတယ်။ မြို့ရဲ့ အနောက်ခြမ်းတစ်ခြမ်းလုံးနီးပါးကို ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးထားတာပါ။”လို့ ဒေသခံတစ်ဦးကသံလွင်တိုင်းမ်ကိုပြောပါတယ်။

ပွင့်ဖြူမြို့နယ်မှာ စစ်ကော်မရှင် ပြုလုပ်မယ့်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် အမတ်လောင်းစာရင်းကို လက်ရှိအချိန်ထိမသိရသေးဘူးလို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

စစ်ကော်မရှင်က မဲဇလီ၊ ဆင်လူးမြောက်၊ မဒဲ၊ ကနီ၊ ကျောင်းကုန်း၊ ချောင်းဆုံ၊ ရေပုတ်ကြီး၊ ရေပုတ်ကလေ၊ သမန်းရင်း၊ ပြည်လုံးကျော်၊ အနောက်လေးအိမ်၊ ဆည်တော်၊ ကြူဝန်း၊ ဖလံကျင်း၊ ကျွဲတံခါး၊ မုန်းဇလဲ၊ ဆည်မုန်းစတဲ့ ကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲမပြုလုပ်ဘူးလို့ကြေညာထားတာပါ။

ပွင့်ဖြူမြို့နယ်မှာ ၂၀၂၅ ခုနှစ် သြဂုတ်လကစတင်ပြီး အောက်တိုဘာလအထိ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်သားတွေ အထိအခိုက်များခဲ့ပြီး အခုအချိန်မှာတော့ စစ်ကြောင်းထိုးတာတွေမရှိတော့ဘဲ ငြိမ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.