နေပြည်တော်၊ ဒီဇင်ဘာ ၉
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစစ်ကော်မရှင်နဲ့ နေပြည်တော်မှာ ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး နယ်စပ်ဒေသအရေး၊ ရွေးကောက်ပွဲအရေးနဲ့ ကျားဖြန့်နှိမ်နင်းရေး အပါအဝင် အခြားရေးရာတွေ ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာစစ်ကော်မရှင် ခေါင်းဆောင်တို့ ဦးဆောင်တဲ့အဖွဲ့တို့ တွေ့ဆုံခဲ့ကြရာ နှစ်နိုင်ငံအကြား သဘောတူညီချက်တွေ ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်လျက်ရှိမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ကောင်းမွန်နေစေရေး ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုတွေ ပြန်လည်ကောင်းမွန်ရေးအတွက် နှစ်နိုင်ငံအစိုးရနဲ့ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းပြီး ထိန်းသိမ်းဆောင်ရွက်သွားဖို့ လိုအပ်မှုနဲ့ နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှုတွေ မရှိစေရေး ထိန်းသိမ်းဆောင်ရွက်ဖို့ လိုအပ်မှုအခြေအနေတွေ နှစ်နိုင်ငံ နယ်စပ်ဒေသမှာရှိတဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ လုပ်ဆောင်လျက်ရှိတဲ့ KK Park နဲ့ ရွှေကုက္ကိုက အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကော်မရှင်က ဆိုထားပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံနယ်စပ်ဒေသမှာ လက်နက်ခဲယမ်းတွေ တရားမဝင်ရောင်းချနေမှုတွေကို နိုင်ငံတော်အဆင့် ပူးပေါင်းထိန်းသိမ်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့အခြေအနေတွေနဲ့ ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိမှုကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တပ်ရဲ့ ဖမ်းဆီးထောင်ချမှုကို ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ နိုဝင်ဘာလက တောင်းဆိုလိုက်ပြီး အာဆီယံအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲပြီးသွားတောင် မြန်မာနဲ့ဆက်ဆံဖို့ အခက်အခဲရှိမယ်လို့ ပြောသွားခဲ့တာပါ။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာခရီးစဉ်မတိုင်မီ မြန်မာ ထိုင်း နယ်စပ်ဒေသ ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ်နဲ့ KNU ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကော်မရှင်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို မကြာခဏကျရောက်ပေါက်ကွဲခဲ့ကာ လူထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ထိုင်းအာဏာပိုင်တွေဟာ ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ မီးခိုးဗုံးတွေ ပြန်လည်ပစ်ခတ်ခဲ့ပြီး သတိပေးတာတွေရှိခဲ့သလို နယ်စပ်တစ်လျှောက်မှာရှိတဲ့ နယ်စပ်ဂိတ်တွေအားလုံးကိုလည်း ထိုင်းအာဏာပိုင်တွေက ၁ ပတ်ကြာ ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။
နောက်ထပ် မြန်မာဘက်က လက်နက်ကြီးကျည်တွေ ကျရောက်လာခဲ့ပါက ထိုင်းစစ်တပ်က အင်အားအသုံးပြုပြီး စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်သွားမယ်လို့ ထိုင်းစစ်တပ်ကာကွယ်ရေးဦး စီးချုပ်ကလည်း သတိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

