မော်စကို၊ ဒီဇင်ဘာ ၅
ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသကနေ ယူကရိန်းတပ်ဖွဲ့တွေ အားလုံး ထွက်သွားရမှာ ဖြစ်ပြီး မထွက်သွားရင် အင်အားသုံး သိမ်းပိုက်မှာဖြစ်တယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သတိပေးပြီး စစ်ပွဲ အဆုံးသတ်ရေး နည်းလမ်းတွေနဲ့ပတ်သက်လို့ ညှိနှိုင်းမှု မှန်သမျှကို ပယ်ချလိုက်ပါတယ်။
ဒွန်ဘတ်စ်ဒေသရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကို မော်စကိုက ထိန်းချုပ်ထားချိန်မှာ ယူကရိန်း တပ်ဖွဲ့တွေ မဆုတ်ခွာဘူးဆိုရင် မိမိတို့က အင်အားသုံးသိမ်းပိုက်တော့မှာ ဖြစ်တယ်လို့ ပူတင်က India Today သတင်းဌာနကို ပြောပါတယ်။

နယ်မြေတွေ လက်လွှတ်ပေးရမယ်ဆိုတဲ့ ပြောဆိုမှုတွေ အားလုံးကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပယ်ချထားပါတယ်။
မော်စကိုမြို့မှာ ဒီဇင်ဘာ ၂ ရက်က ဆွေးနွေးခဲ့ပြီးနောက် ရုရှားသမ္မတက စစ်ပွဲ အဆုံးသတ်စေချင်တယ်လို့ အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ်ကို ဆွေးနွေးခဲ့တဲ့ သူ့ရဲ့ ညှိနှိုင်းရေးမှူးတွေက ယုံကြည်ထားကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားပြီးနောက် ပူတင်က အခုလိုမျိုး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မော်စကိုဆီ သွားရောက်ခဲ့တဲ့ ထရန့်ရဲ့ ကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်ဟာ ဖလော်ရီဒါမှာ ယူကရိန်း ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။
ကရင်မလင်နန်းတော်မှာ ဒီဇင်ဘာ ၂ ရက်က ဆွေးနွေးမှုတွေ အတော်အသင့် ကောင်းမွန်တယ်လို့ ထရန့်က ပြောပြီး တန်ဂိုအက ကသလို နှစ်ယောက်တွဲကရတာ ဖြစ်တဲ့အတွက် နောက်ထပ် ဘာဖြစ်လာမလဲ ဆိုတာကို ပြောဖို့ အချိန် စောလွန်းနေသေးတယ်လို့ ပြောထားပါတယ်။
အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ်ပါ မူလ သတ်မှတ်ချက်မှာ ယူကရိန်း ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ ဒွန်ဘတ်စ်ဒေသရဲ့ အစိတ်အပိုင်းတွေကို ရုရှားဆီ အကြွင်းမဲ့ လက်လွှတ်ပေးရမယ်လို့ ဖော်ပြထားပေမယ့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့က မော်စကိုမှာ ပြင်ဆင်ထားတဲ့ အဆိုပြုချက်ကို တင်ပြခဲ့ပါတယ်။
နယူးဒေလီခရီးစဉ်မတိုင်ခင် India Today သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှု အတွင်း ပူတင်က သူ့အနေနဲ့ ဝစ်ကော့ဖ်၊ ထရန့်ရဲ့ သမက် ဂျရက် ကူရှ်နာတို့နဲ့ သူ့ရဲ့ ဆွေးနွေးမှု မတိုင်ခင် အဆိုပြု ငြိမ်းချမ်းရေး အစီအစဉ်အသစ်ကို မမြင်တွေ့ရသေးဘူးလို့ ပြောပါတယ်။
အမေရိကန် ငြိမ်းချမ်းရေး အစီအစဉ်မှာ ပါရှိတဲ့ သတ်မှတ်ချက် တချို့နဲ့ ပတ်သက်လို့ မော်စကိုက သဘောမတူဘူးလို့လည်း ရုရှားသမ္မတက ပြောတာပါ။
ဒီဟာကိုတော့ ကျွန်တော်တို့ သဘောတူနိုင်တယ် အဲဒါကိုတော့ ကျွန်တော်တို့ သဘောမတူနိုင်ဘူးဆိုတာကို အကြိမ်များစွာ ပြောထားပြီး ဖြစ်ပါတယ်လို့ ပူတင်က ဆိုပါတယ်။
သဘောထား မတူညီနိုင်ဖြစ်နေတဲ့ အချက်တွေကို ပူတင်က ထုတ်ဖော်ပြောဆိုထားတာ မရှိပေမယ့် ရုရှားတပ်တွေ ထိန်းချုပ်ထားတဲ့ ယူကရိန်းဒေသတွေရဲ့ ကံကြမ္မာနဲ့ ယူကရိန်း အတွက် လုံခြုံရေး အာမခံချက်ပေးရေးဆို့ဟာ သိသိသာသာ ညှိနှိုင်းရဦးမယ့် ကိစ္စတွေ အဖြစ် ကျန်ရှိနေပါတယ်။
ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် စစ်ပွဲ အဆုံးသတ်ရေး သဘောတူညီမှု တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ပူတင်ရဲ့ အကြီးတန်း နိုင်ငံခြားရေးမူဝါဒ အကြံပေး၊ အဓိက ညှိနှိုင်းရေးမှူး ယူရီ ဥရှာကော့ဗ်က ဆွေးနွေးမှုတွေ ပြီးပြီးချင်းဆိုသလို ပြောခဲ့ပါတယ်။
ရုရှားက အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရယူဖို့ ကြန့်ကြာအောင် လုပ်ဆောင်နေပြီး ယူကရိန်း နယ်မြေတွေကို ထပ်မံ သိမ်းပိုက်ဖို့ စီစဉ်နေတယ်လို့ ယူကရိန်းက အကြိမ်ကြိမ် စွပ်စွဲထား ပါတယ်။
ရုရှားက ဥရောပဟာ ယူကရိန်း ငြိမ်းချမ်းရေးအတွက် အဟန့်အတားတွေ ဖြစ်အောင် လုပ်ဆောင်နေပြီး ဥရောပအနေနဲ့ မိမိတို့ကို စတင် တိုက်ခိုက်လာမယ်ဆိုရင် မော်စကိုနဲ့ ညှိနှိုင်းဖို့ တစ်ယောက်မှ မကျန်တော့တဲ့ အထိ မိမိတို့က ချေမှုန်းပစ်မယ်လို့ ပူတင်က ခြိမ်းခြောက်ထားပါတယ်။
ကရင်မလင်မှာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ မှတ်ချက်ပြုရာမှာ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရေး ဆိုင်ဘီဟာက ပူတင်ဟာ ကမ္ဘာကြီးရဲ့ အချိန်တွေကို ဖြုန်းတီးပစ်နေတာ ဖြစ်တယ်လို့ ပြောထားပါတယ်။
Ref:BBC

