မော်လမြိုင် ၊ ဒီဇင်ဘာ ၄

အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ စစ်အုပ်စုကိုယ်စားလှယ်တွေနဲ့ ဘယ်နေရာ ဘယ်အခြေအနေမှ တွေ့ဆုံခဲ့ခြင်း မရှိခဲ့ဘူးလို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က အသိပေးထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ နှောင်းပိုင်းမှာ မြန်မာ စစ်တပ်က ကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေးအင်အားစုက ကိုယ်စားလှယ်တွေ အင်ဒိုနီးရှားနိုင်ငံမှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုပြီး လူမှုကွန် ရက်ပေါ် သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒါကို NUCC ရဲ့ သတင်းပြန်ကြားရေးနဲ့ လူထုဆက်ဆံရေး အလုပ်အဖွဲ့က လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး NUCC ရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို အများပြည်သူတွေ ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေဖို့ ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းမှာ အသိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ အခြား တော်လှန်ရေးအဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့အတူ NUCC ကိုယ်စား လှယ် နှစ်ဦး တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့် တက်ရောက်ခဲ့တဲ့ အခြားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နာမည်တွေကိုတော့ ထုတ်ပြန်ချက်မှာ မဖော်ပြထားပေမယ့် အမျိုးသားညီညွတ်‌ရေးအစိုးရ NUG ၊ KNU နဲ့ CNF စတဲ့ အဖွဲ့တွေလည်း တက်ရောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

Office of Special Envoy on Myanmar Issue အင်ဒိုနီးရှားရဲ့ အလုပ်ရုံဆွေးနွေးပွဲဖိတ်ကြားချက်ကို NUCC အနေနဲ့ နိုဝင်ဘာ ၄ ရက်နေ့ ရက်စွဲနဲ့ လက်ခံရရှိခဲ့ပြီး ဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်၊ အခြားပါဝင်မယ့် အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေကို သေချာရှင်းလင်းစွာ သိရှိနိုင်ရေး မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင်တဲ့ အဖွဲ့ရဲ့ ပြန်လည်ဖြေကြားချက်တွေအရ ဖိတ်ကြားမှုမှာ စစ်အုပ်စု ကိုယ်စားလှယ်တွေ လုံးဝ မပါရှိကြောင်း သေချာမှသာ NUCC အတွင်း ဆွေးနွေးဆုံးဖြတ်ပြီး ကိုယ်စားလှယ်စေလွှတ်ခဲ့တာလို့ တုန့်ပြန်ထားတာပါ။

ဒါ့အပြင် ဆွေးနွေးပွဲမှာ အင်ဒိုနီးရှား Special Envoy on Myanmar ရုံးအဖွဲ့က မျှဝေတဲ့ ‘အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံတွေ’ ကို လေ့လာခဲ့ကြပြီး ပါဝင်တက် ရောက်သူတွေကြား လေ့လာတွေ့ရှိမှုတွေအပေါ် အမြင်တွေ ဖလှယ်ဆွေးနွေးခဲ့ကြခြင်းသာ ဆောင်ရွက်ခဲ့ကြတယ်လို့ NUCC က ဆိုပါတယ်။

သတင်းဌာနတချို့ရဲ့ ဖော်ပြချက်အရ အင်ဒိုနီးရှားက မြန်မာစစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကို သီးခြားစီ ဖိတ်ကြားကာ စစ်တပ်က အုပ်ချုပ်ရေးကနေ နောက်ဆုတ်ကာ စစ်တန်းလျားပြန်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံ တည်‌ဆောက်မှုနဲ့ ပတ်သက်တဲ့ အာဏာခွဲဝေသုံးစွဲမှု အတွေ့အကြုံတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ASEAN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.