ရေး၊ ဒီဇင်ဘာ ၄

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ကျောင်းရွာအပြင်ဘက်မှာရှိတဲ့ စစ်ကော်မရှင်ရဲ့ အမှတ်(၅၉၁) ခြေမြန်တပ်ရင်းက လက်နက်ကြီး ပစ်ခတ်ရာကနေ ကျောင်းရွာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာပါ။

စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် တစ်လုံးဟာ အမှတ် ၄ ရပ်ကွက်၊ နောက်တစ်လုံးဟာ ကျေးရွာဆေးရုံဘေးက ဆရာဝန် နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းရွာဒေသခံတွေဖြစ်တဲ့ ဦးမောင်ခွေး၊ မောင်မင်းလွင်နဲ့ မဖူးပိုင်သက်တို့ ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီနေ့က အမှတ်(၅၉၁) ခြေမြန်တပ်ရင်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ပြီးနောက် စစ်တပ်ဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းရွာကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ အထိုင်တပ်ရင်း နှစ်ခု ရှိပြီး အဲဒီတပ်ရင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို လာရောက်တိုက်ခိုက်တာတွေ ရှိနေတာကြောင့် စစ်ကော်မရှင်ဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေ အမြဲလို လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကလည်း ရေးမြို့နယ် လိပ်ပုတ်ကျေးရွာမှာ စစ်ကော်မရှင်တပ်နဲ့ ရေးဘီလူးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တစ်လုံး နဲ့ဘုန်းကြီးကျောင်းဆောင် တစ်ဆောင် ထိမှန်ပျက်စီးခဲ့ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားမှု အားကောင်းတဲ့ ရေးမြို့နယ်မှာ ရွေးကောက်ပွဲ မတိုင်မီ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.