မြဝတီ၊ ဒီဇင်ဘာ ၄

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံဒေသရှိ တရုတ်နိုင်ငံသားအများစု ကျားဖြန့်လုပ်ငန်းက ထွက်ခွာဖို့ ငြင်းဆန်မှုတွေ ရှိနေတယ်လို့ အဲဒီဒေသကို ပူပူနွေးနွေး သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံးက KNU က အသိပေး ထုတ်ပြန်ပါတယ်။

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့ ထိန်းချုပ်မှုအောက်မှာ လည်ပတ်နေတဲ့ မင်းလက်ပံ ကျားဖြန့်လုပ်ငန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က ဝင်ရောက်စီးနင်းပြီးနောက် သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။

အဲဒီလို ဝင်ရောက်စီးနင်းပြီးနောက် မင်းလက်ပံက Shunda Park Scam အွန်လိုင်းငွေလိမ်ခြံဝင်းအတွင်းကနေ မထွက်ခွာလိုကြောင်း အတိအလင်းဖြေကြားသူ ၉၄၂ ဦး ရှိပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား ရာခိုင်နှုန်း ၉၀ လောက် ရှိတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ KNU ရဲ့ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးလုပ်ငန်းဆိုင်ရာ ထုတ်ပြန်ချက် အမှတ် ၄ အရ မင်းလက်ပံဒေသအပါအဝင် မြဝတီတောင်ပိုင်းမှာ မြေပြင်လုံခြုံရေးအခြေအနေဟာ လက်နက်ကိုင် တိုက်ပွဲပြင်းထန်လာတာနဲ့အတူ ပိုမိုဆိုးရွားလျက်ရှိတယ်လို့ KNU က အသိပေးထားပါတယ်။

စစ်ကော်မရှင်တပ်ဘက်က စစ်ကြောင်းနှစ်ကြောင်းနဲ့ မြဝတီတောင်ဘက် မင်းလက်ပံနယ်မြေထဲကို အပြင်းအထန် ထိုးစစ်ဆင်လာပြီး အွန်လိုင်းငွေလိမ် Shunda Park Scam ခြံဝင်းနဲ့ အနီးအနားနေရာတွေကို လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ KNU က ဆိုပါတယ်။

KNU အနေနဲ့ Shunda Park Scam ခြံဝင်းအတွင်းက နိုင်ငံခြားသားတွေကို သူတို့ရဲ့နေရပ်နိုင်ငံတွေကို ထိုင်းအာဏာပိုင်ထံကနေတစ်ဆင့် ဘေးကင်းစွာလွဲပြောင်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်တွေရဲ့ ပူးပေါင်းဆောင်ရွက်ပေးခဲ့မှုကို အထူးပင်ကျေးဇူးတင်ရှိပြီး သောင်ရင်းမြစ်ကမ်းနံဘေးမှာ ဆက်လက်စောင့်ဆိုင်နေဆဲ နိုင်ငံခြားသားတွေ နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်ရာသံရုံးတွေနဲ့ ဆက်လက်ချိတ်ဆက်ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် သောင်ရင်းမြစ်ကမ်းမှာ သောင်တင်နေတဲ့ နိုင်ငံခြားသား ၄၀၀ နီးပါးနဲ့ Shunda Park Scam ခြံဝင်းအတွင်းမှာရှိတဲ့ နိုင်ငံခြားသားတွေအတွက် လိုအပ်တဲ့အခြေခံမိုးကာတဲတွေ၊ အစားအသောက်တွေကို KNU ဒူးပလာယာခရိုင်ခရိုင်ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ KNU မြေပြင်အဖွဲ့က ပံ့ပိုးပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းလက်ပံဒေသရဲ့ လုံခြုံရေးအခြေအနေတွေဟာ အချိန်နဲ့အမျှ လျင်မြန်စွာ ပိုမိုဆိုးရွားလာတာဖြစ်ရာ KNU အနေနဲ့ လက်ရှိ Shunda Park Scam ခြံဝင်းမှာ ကျန်နေသေးသော၊ခြံဝင်းက ထွက်ခွာဖို့ ဆန္ဒမရှိသူတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အာမခံနိုင်ဖို့ အလွန်ပင်ခဲယဉ်းလာနိုင်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.