နေပြည်‌တော် ၊ ဒီဇင်ဘာ ၄

နိုင်ငံသားတိုင်း နိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတယ်ဆိုပြီး စစ်ကော်မရှင်က အခြေခံစစ်ပညာရပ်တွေကို သင်ကြားပေးနေတာဟာ နိုင်ငံသားတွေကို စစ်တပ်ယန္တရားလို ပုံသွင်းဖို့ ကြိုးပမ်းနေတာလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

စစ်ကော်မရှင် အုပ်ချုပ်ရေးအောက်က ဝန်ကြီးဌာနအားလုံးရှိ Non CDM ဝန်ထမ်းတွေ ရာထူးတိုးခွင့်ရဖို့ မဖြစ်မနေ တက်ရောက်ရတဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှာ အခြေခံစစ်ပညာရပ်တွေကိုပါ လေ့ကျင့်သင်ကြားပေးနေတာပါ။

အခြေခံစစ်ပညာပညာရပ်တွေ ထည့်သွင်းသင်ကြားပေးမှုကြောင့် နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အမိန့်နာခံတတ်မှု၊ စည်းကမ်းစနစ်တကျ လုပ်ကိုင်တတ်မှု၊ အစုအဖွဲ့စနစ်နဲ့ စုစည်းညီညွတ်တဲ့ စိတ်ဓာတ်နဲ့ လုပ်ကိုင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရှိလာမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ကို စစ်ခေါင်းဆောင် ရောက်ရှိချိန်မှာ ပြောဆိုခဲ့တာလို့ စစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေက ဖော်ပြထားတာပါ။

နိုင်ငံ့ဝန်ထမ်းတွေ အားလုံး ပုံစံတကျ ဖြစ်စေရေးနဲ့ နိုင်ငံသားတိုင်း နိုင်ငံကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိလို့ နိုင်ငံတော်ကာကွယ်ရေးအတွက် အထောက်အကူပြုနိုင်ရေး အခြေခံစစ်ပညာရပ်‌တွေကို သင်ကြားလေ့ကျင့်ပေးတာလို့ ဆိုပါတယ်။

CDM တပ်ကြပ်ကြီး ဇေယျက ဝန်ထမ်းတက္ကသိုလ်မှာ တက်ရောက်သူတွေကနေတဆင့် ပြည်သူတွေ အကုန်လုံးကို စစ်တပ်ယန္တရားလိုမျိုး ပုံသွင်းချင်တာဖြစ်လို့ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းကို တခါတည်း သင်းကွပ်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်တပ်ယန္တရားလိုပဲ နိုင်ငံကိုလည်း စစ်တပ် ယန္တရားပုံစံမျိုး နိုင်ငံက ပြည်သူတွေရော အကုန်လုံးကို သူက ပုံသွင်းချင်တာပေါ့။ဒါက အခုမှ မင်း‌အောင်လှိုင်က ထုတ်ပြောတာဆိုပေမယ့် သူတို့ လုပ်နေတာက ဗိုလ်သန်းရွှေတို့ ခေတ်ကတတည်းက တောက်လျှောက်လုပ်လာတာ ဒီပုံစံပဲ။ဗဟိုဝန်ထမ်းတက္ကသိုလ်ဆိုတာ ဒါပဲ၊ အဓိက ဒီလိုမျိုး Brainwash လုပ်ဖို့ ဒါပေး ဒါယူ ဒါမေး ဒါဖြေဆိုတဲ့ စနစ်ကို သူတို့ ဖန်တီးထားတာပေါ့နော်။စက်ရုပ်တွေ ပုံစံမျိုးဖြစ်အောင် ကိုယ့်ရဲ့ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းတွေကို တခါတည်း သင်းကွပ်ပြီးတော့ Brainwash လုပ်တဲ့ ပုံစံမျိုးပေ့ါ”လို့ ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှာ အဓိက တက်ရောက်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေထဲက ဆရာ၊ဆရာမတွေကို အခြေခံစစ်ပညာသင်တန်းတွေ သင်ကြားပေးလိုက်တာဟာ ကျောင်းသားကျောင်းသူတွေ နောင်မျိုးဆက်တွေအထိ Brainwash လုပ်ပြီးသားဖြစ်သွားမယ်လို့ သူက မှတ်ချက်ပြုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ဘာသာရပ်အလိုက် သင်ကြားလေ့ကျင့်ပေးရာမှာ ထိရောက်တဲ့ သင်ကြားလေ့ကျင့်မှုတွေ ဖြစ်ဖို့ လိုသလို အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း ဥပဒေကို သိရှိနားလည်ကြဖို့ လိုတာကြောင့် အခြေခံပညာအဆင့်ကစပြီး ဥပဒေအသိပညာတွေကို သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုအတွင်း စစ်ကော်မရှင် အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကနေ လူငယ်လူရွယ်တွေကို နည်းမျိုးစုံသုံးပြီး စစ်တပ်ထဲ တွန်းပို့ကာ အခြေခံစစ်သင်တန်းတွေ တက်ခိုင်းပြီး ရှေ့တန်းစစ်မြေပြင်အထိ တွန်းပို့နေတာပါ။

ဒါ့အပြင် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိပ်နင်းရေးအဖွဲ့ကိုလည်း ရပ်ကျေးအထိ အဆင့်ဆင့် ဖွဲ့စည်းခဲ့မှုကြောင့် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို အခြေခံစစ်သင်တန်းပေးပြီး ရပ်ကွက်၊ ကျေးရွာတွေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ဖို့ လုပ်ဆောင်ခဲ့တာလည်း ရှိနေပြန်ပါတယ်။

တစ်ဘက်မှာ နိုင်ငံရေးထွက်ပေါက်အဖြစ် ပြည်သူတွေရဲ့ ဆန္ဒမဲကနေ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ဖြစ်ဖို့ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အပိုင်းလိုက်စနစ်နဲ့ အထွေထွေရွေးကောက်ပွဲကျင်းပဖို့ စစ်ကော်မရှင်က စီစဉ်ထားတာပါ။

လေ့လာသူတွေကတော့ စစ်ကော်မရှင်အနေနဲ့ စစ်မှုထမ်းဥပဒေအရ လိုသလောက် အင်အားတွေ ရရှိနေသလို နိုင်ငံရေးအရ ထောက်ခံတဲ့ နိုင်ငံတချို့နဲ့ ပေါင်းပြီး နိုင်ငံရေးအရွေ့ကို တဆင့်ချင်းသွားနေပေမယ့် စစ်အာဏာရှင်သက်ဆိုးရှည်ရေးကို ဦးတည်တာလို့ ထောက်ပြကြပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က ရွေးကောက်ပွဲအလွန်ကာလမှာလည်း စစ်ပွဲအရှိန် ရပ်သွားမှာ မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ပြုတ်ကျမှသာ မြန်မာပြည် ငြိမ်ချမ်းမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရွေးကောက်ပွဲပြီးသွားလည်း စစ်ပွဲက ငြိမ်မှာ မဟုတ်ဘူး။ တိုင်းရင်းသားတပ်တွေနဲ့ ခွဲထုတ်ပြီးတော့ ပြည်မဘက် အညာဒေသမှာရှိတဲ့ ဗမာအင်အားစုတွေကို ဖြိုခွဲမယ်။ ပြီးရင် တိုင်းရင်းသားတွေရဲ့ အလှည့်ပေါ့၊ တစ်ခုချင်း လာလိမ့်မယ်။ဒီလိုမျိုး ကျွန်တော်တို့ သုံးသပ်ရတယ်။ဒါကြောင့်မို့လို့ ရွေးကောက်ပွဲပြီးပေမယ့်လည်း စစ်ပွဲရဲ့ အရှိန်ကတော့ ရပ်သွားမှာ မဟုတ်ဘူး။ တကယ် ငြိမ်းချမ်းဖို့ဆိုတာကတော့ စစ်အာဏာရှင်စနစ်ပြုတ်ကျမှပဲ မြန်မာပြည်မှာ ငြိမ်းချမ်းမှာပါ”လို့ ဆိုပါတယ်။

ပဉ္စမမဏ္ဍိုင် (PMCSG) ရဲ့ မှတ်တမ်းတွေအရ ဇူလိုင်ကနေ အောက်တိုဘာအထိ ပြီးခဲ့တဲ့ လေးလတာအတွင်း စစ်ကော်မရှင်တပ်ရဲ့ ကျူးလွန်မှုတွေဟာ စစ်ရေးပစ်မှတ်ထက် အရပ်သားပြည်သူတွေကို ဦးတည်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေ အများဆုံးတွေ့ရတယ်လို့ ဖော်ပြထားတာပါ။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ စစ်ရှောင်ပြည်သူတွေ၊ စာသင်ကျောင်း၊ ဆေးခန်းနေရာတွေကို လေကြောင်းတိုက်ခိုက်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်စီးတာ၊ ပေါ်တာဆွဲဖမ်းဆီးတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရပါတယ်။

နေပြည်တော်အပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ ခရိုင် ၁၀ ခုနဲ့ မြို့နယ် ၃၆ ခုကို စစ်တမ်းကောက်ယူရာမှာ ရာဇဝတ်မှု ဖြစ်စဉ်ပေါင်း ၃၉၇ ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပွားခဲ့ပါတယ်။

အဲဒီထဲမှာ အရပ်သားတွေကို ဦးတည်တိုက်ခိုက်မှု ၃၅၃ ကြိမ်နဲ့ စစ်ရေးပစ်မှတ် ၄၄ ကြိမ် ပါဝင်ကာ စစ်ကော်မရှင်တပ်က ၃၁၉ ကြိမ်အထိ ကျူးလွန်ထားပြီး ကျန်တာတွေကိုတော့ အခြားအမည်မသိအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ကျူးလွန်ထားတာလို့ ပဉ္စမမဏ္ဍိုင်ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.