မြဝတီ၊ ဒီဇင်ဘာ ၄
ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုမြို့သစ်ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အွန်လိုင်းလိမ်လည်မှုမှာ အသုံးပြုတဲ့ တရားမဝင်အဆောက်အဦး ၁၀၀ ကျော်ကို ချိတ်ပိတ်သိမ်းဆည်းလိုက်ပြီး အဆောက် အဦးတချို့ကို ဒီဇင်ဘာ ၃ ရက်နေ့က စတင်ဖြိုချ ဖျက်ဆီးနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
BGF ထိန်းချုပ်တဲ့ ရွှေကုက္ကိုမြို့သစ်ထဲကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့က စတင်ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာတော့ တရားမဝင်အဆောက်အဦးတချို့ကို စစ်ကော်မရှင်တပ်က ဗုံးခွဲပြီး ဖောက်ခွဲဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
စစ်ကော်မရှင်ရဲ့ ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန်ထားချက်အရ ရွှေကုက္ကိုနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေ လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့အဆောက်အဦးတွေကို နိုဝင်ဘာ ၁၈ ရက်နေ့က စတင်စစ်ဆေးခဲ့ရာ ဒီဇင်ဘာ ၂ ရက်နေ့အထိ တရားမဝင်အဆောက်အဦး စုစုပေါင်း ၁၆၁ လုံးကို စစ်ဆေးတွေ့ရှိရတာပါ။
စစ်ဆေးတွေ့ရှိခဲ့ရတဲ့ တရားမဝင်အဆောက်အဦးတွေကို ပြန်လည်အသုံးပြုမှု မရှိစေရေးအတွက် စုစုပေါင်း အဆောက်အဦး ၁၆၁ လုံး ချိတ်ပိတ်သိမ်းဆည်းခဲ့ပြီဖြစ်ပြီး အဆောက်အဦးတွေထဲက တချို့ကို စစ်ကော်မရှင်တပ်က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးပစ်လိုက်တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ရွှေကုက္ကိုနယ်မြေအတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်ကြတဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၁၉၅၄ ဦးနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာမှာ အသုံးပြုတဲ့ မိုလ်ဘိုင်းဖုန်း၊ ကွန်ပျူတာ၊ စတားလင့်ဘန်း စတဲ့ ပစ္စည်းအများအပြားကို ဖော်ထုတ်ဖမ်းဆီး သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ကော်မရှင်က ဆိုထားတာပါ။
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုတွေအပါအဝင် ဒုစရိုက်မှုကျူးလွန်ခဲ့ကြတဲ့ တရုတ်နိုင်ငံသား ၃၀၀ နီးပါး အပါအဝင် ပြည်ပနိုင်ငံသား ၄၁၁ ဦးတို့ကို ဒီဇင်ဘာလ ၂ ရက်နေ့က မြဝတီမြို့က ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားကတစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Aung Aung

