ဘန်ကောက်၊ ဒီဇင်ဘာ ၄

အရှေ့တောင်အာရှတဝှမ်း လှုပ်ရှားနေတဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာ ဝင်ငွေ ရှိတဲ့ ရာဇဝတ်ကွန်ရက်တွေနဲ့ ဆက်နွယ်နေတဲ့ ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၃၀၀ ကျော်ကို ထိုင်းက သိမ်းဆည်းလိုက်ကြောင်း ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က ဒီဇင်ဘာ ၃ ရက်မှာ ပြောလိုက်ပါတယ်။

အာရှ၊ ဥရောပနဲ့ အမေရိကန်အရာရှိတွေက ကမ္ဘောဒီးယား Prince Holding Group နဲ့ သူတို့ရဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကွန်ရက်ရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဒေါ်လာ ဘီလီယံပေါင်းများစွာကို သိမ်းဆည်းပြီး ပစ်မှတ်ထား အရေးယူခဲ့ပြီးနောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Prince ကုမ္ပဏီရဲ့ တရုတ်နိုင်ငံဖွား ချန်းဇီဟာ ကျားဖြန့်လုပ်ငန်းတွေမှာ စေခိုင်းဖို့ လူကုန်ကူးပြီး ခေါ်ယူထားတဲ့ အလုပ်သမားတွေရှိရာ ကမ္ဘောဒီးယားရှိ အလုပ်သမား အတင်းအကြပ် စေခိုင်းရာ နေရာတွေကို ကြီးကြပ်နေသူ ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက စွပ်စွဲပြီး သူ့ကို အောက်တိုဘာလက စွဲချက်တင်ခဲ့ပါတယ်။

အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းပြီး ပစ်မှတ်ထား အရေးယူခဲ့တဲ့ ကျားဖြန့် လုပ်ငန်းနဲ့ ဆက်စပ်သူတွေထဲမှာ ချန်နဲ့ ကမ္ဘောဒီးယား လွှတ်တော်အမတ် တစ်ဦး၊ ထိုင်းနိုင်ငံသား နှစ်ဦး အပါအဝင် အကောင်ကြီးကြီးတွေထဲက ဖြစ်တယ်လို့ ဝန်ကြီးချုပ် အနုတင်က ဒီဇင်ဘာ ၃ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။

တာဝန်ရှိသူ အားလုံးကို တရားဥပဒေအရ ဥပဒေရှေ့မှောက် တင်သွင်းရမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ဆိုပါတယ်။

Prince အုပ်စုရဲ့ ချန်း ပိုင်ဆိုင်ထားတဲ့ မြေတွေ၊ ငွေသားတွေ၊ ဇိမ်ခံပစ္စည်းတွေ၊ လက်ဝတ် ရတနာတွေ အပါအဝင် ဒေါ်လာ ၁၁ ဒသမ ၇ သန်း တန်ဖိုးရှိ ပစ္စည်း အမျိုးပေါင်း ၁၀၀ လောက်ကို ထိုင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဌာနက သိမ်းဆည်းခဲ့တယ်လို့ ဒီဇင်ဘာ ၂ ရက်မှာ ပြောပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ရဲ့ အရင်က မဟာမိတ် ကမ္ဘောဒီးယား လွှတ်တော်အမတ် စီးပွားရေးလုပ်ငန်းရှင် ခို့အန်ဆီက ဒေါ်လာ ၁၅ သန်း နီးပါး တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတဲ့ ထိုင်းနိုင်ငံသား နှစ်ဦး ဆီကလည်း ဒေါ်လာ သန်း ၂၉၀ လောက် တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းခဲ့တယ်လို့ ထိုင်းအရာရှိတွေက ပြောထားပါတယ်။

အဲဒီ ပိုင်ဆိုင်မှု သိမ်းဆည်းတာတွေကို ဘယ်အချိန်က ပြုလုပ်ခဲ့သလဲဆိုတာကို ဝန်ကြီးချုပ် အနုတင်က ပြောဆိုထားတာ မရှိပါဘူး။

ကျားဖြန့်လုပ်ငန်းတွေဟာ ကုန်လှောင်ရုံတွေ၊ ရုံးခန်းအဖြစ် ဗန်းပြ ဖွင့်လှစ်ထားတဲ့ နေရာတွေကနေ ကမ္ဘာတဝှမ်း အင်တာနက်သုံးသူတွေကို လိမ်လည်နေပြီး အရှေ့တောင် အာရှ တဝှမ်းမှာ မှိုလို ပေါက်နေပါတယ်။

တချို့သော ကျားဖြန့် အလုပ်သမားတွေဟာ ငွေကြေးရလိုမှုနဲ့ သူတို့ ဆန္ဒအလျောက် ဝင်ရောက် လုပ်ကိုင်နေကြတာ ဖြစ်ပေမယ့် တခြား အလုပ်သမားတွေဟာ လူကုန်ကူးခံရပြီး အတင်းအကြပ် အလုပ်စေခိုင်းခံနေကြရတာ ဖြစ်ပါတယ်။

ချန်းရဲ့ ကွန်ရက်နဲ့ ဆက်နွယ်နေတဲ့ ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို ဗြိတိန်ကလည်း သိမ်းဆည်းထားပါတယ်။

ထိုင်ဝမ်၊ စင်ကာပူနဲ့ ဟောင်ကောင်တို့ကလည်း ဒေါ်လာ သန်း ၃၅၀ အထိ တန်ဖိုးရှိတဲ့ ချန်းရဲ့ ပိုင်ဆိုင်မှု အသီးသီးကို သိမ်းဆည်းထားကြပါတယ်။

Prince Group ဟာ အာရှရဲ့ အကြီးမားဆုံး နိုင်ငံဖြတ်ကျော် ရာဇဝတ်လုပ်ငန်းတွေထဲက တစ်ခု ဖြစ်တယ်လို့ အမေရိကန် တရားရေးဌာနက အောက်တိုဘာလအတွင်း သတ်မှတ်ကြေညာခဲ့ပါတယ်။

ချန်းအနေနဲ့ ဘာရာဇဝတ်မှုမှ ကျူးလွန်းထားတာ မရှိဘူးလို့ ငြင်းထားသလို Prince အုပ်စုကလည်း စွပ်စွဲချက်တွေ အားလုံးကို ပယ်ချထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.