ဝါရှင်တန်၊ နိုဝင်ဘာ ၂၁

တရားမဝင် ညွှန်ကြားချက်တွေကို မလိုက်ကြဖို့ စစ်တပ်ကို တိုက်တွန်းတဲ့ ဒီမိုကရက် လွှတ်တော်အမတ်တွေကို ကွပ်မျက်သတ်ဖြတ်ပစ်လို့ ရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၂၀ ရက်မှာ ပြောကြားလိုက်ပြီး အဲဒီလူတွေဟာ နိုင်ငံတော် သစ္စာဖောက်တွေ ဖြစ်ကြောင်းနဲ့ တော်လှန်ပုန်ကန်တဲ့ အပြုအမူတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

နိုဝင်ဘာ ၁၈ ရက်က လူမှုမီဒီယာ X ပေါ်မှာ တင်ထားတဲ့ ဗီဒီယို တစ်ခုအောက်မှာ မှတ်ချက်ရေးသားခဲ့ကြတဲ့ လွှတ်တော်အမတ် ၆ ဦးအပေါ် ထရန့်ရဲ့ ခြိမ်းခြောက်မှုကို ဒီမိုကရက်တို့က ချက်ချင်း တုံ့ပြန်ခဲ့ကြပါတယ်။

“ဒါက တကယ်ဆိုးပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် အန္တရာယ်ရှိပါတယ်။ သူတို့ရဲ့ စကားလုံးတွေကို အတည်ယူဖို့ ခွင့်မပြုနိုင်ပါဘူး။ နိုင်ငံတော် သစ္စာဖောက်တွေရဲ့ လှုံ့ဆော်တဲ့ အပြုအမူတွေပါ။ ဒီကောင်တွေကို ဖမ်းချုပ်လိုက်ပါ” လို့ ထရန့်က Truth Social လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

အဲဒီနောက် သူတင်ထားတဲ့ ပို့စ်မှာ တော်လှန်ပုန်ကန်ဖို့ လှုံ့ဆော်တဲ့ အပြုအမူတွေအတွက် သေဒဏ် ပေးလို့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလူတွေကို ကြိုးပေးသတ်ပစ်ဖို့နဲ့ အမေရိကန်ရဲ့ ပထမဆုံးသမ္မတ ဂျော့ချ် ဝါရှင်တန်ဆိုရင်လည်း အဲဒီလို လုပ်ဆောင်မှာပဲ ဖြစ်ကြောင်း လူမှုမီဒီယာသုံးသူ တစ်ယောက်ရဲ့ ဖော်ပြချက်ကိုလည်း ထရန့်က ပြန်လည် ဝေမျှခဲ့ပါတယ်။

ဒီမိုကရက် လွှတ်တော်အမတ်တွေဟာ စစ်တပ်နဲ့ ထောက်လှမ်းရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရာဇဝင် ရှိသူတွေ ဖြစ်ပြီး အီရတ်မှာ စီအိုင်အေ အရာရှိအဖြစ် တာဝန်ယူဖူးသူတွေ၊ နာဆာနဲ့ ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လွှတ်တော်အမတ်တွေလည်း ပါဝင်ပါတယ်။

ဒီမိုကရက်တို့က လိုက်နာဖို့ ငြင်းဆန်နိုင်တဲ့ တရားမဝင်အမိန့်တွေလို့ ပြောဆိုနေပေမယ့်လည်း ဘယ်လို အမိန့်ညွှန်ကြားချက်မျိုးကို အဓိက ထားပြီး ပြောဆိုထားတာမျိုး မရှိပါဘူး။

ဒါပေမဲ့ ထရန့်က ဒေသဆိုင်ရာ အရာရှိတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး မြို့တော်တော်များများမှာဖက်ဒရယ် တပ်ဖွဲ့ဝင်တွေ ချထားဖို့ မကြာသေးခင်က ညွှန်ကြားခဲ့ပါတယ်။

သူက မငြိမ်သက်မှုတွေကို ထိန်းချုပ်ဖို့ အဲဒီလို ဖက်ဒရယ် တပ်ဖွဲ့တွေ ချထားတာ ဖြစ်တယ်လို့ ပြောထားပေမယ့် ဒေသဆိုင်ရာ အာဏာပိုင်တွေက ကျေနပ်မှု မရှိပါဘူး။

သူ့ရဲ့ အဲဒီလို လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံတဝှမ်းမှာလည်း ဘုရင်တွေ အလိုမရှိဆိုတဲ့ ထရန့် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြည်ပအတွက် ညွှန်ကြားချက်တွေအနေနဲ့ ထရန့်က ကာရေဘီယံပင်လယ်နဲ့ ပစိဖိတ် အရှေ့ပိုင်းမှာ မူးယစ်ဆေးဝါး တင်ဆောင်လာတယ်ဆိုတဲ့ သင်္ဘောတွေကို တိုက်ခိုက်ဖို့ အမိန့်ပေးနေတာကြောင့် လူ ၈၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အိမ်ဖြူတော် ပြန်ကြားရေးအရာရှိ ကယ်ရိုလိန်းကတော့ နောက်ပိုင်းမှာ ထရန့်ကို ကာကွယ်ပြီးတော့ သမ္မတအနေနဲ့ ဘယ်လွှတ်တော်အမတ်ကိုမှ ကွပ်မျက်သတ်ဖြတ်တာ မမြင်ချင်ဘူးလို့ ပြောထားပါတယ်။

ဒီမိုကရက်တွေကတော့ ထရန့်ရဲ့ ခြိမ်းခြောက်မှုကြောင့် ကြောက်ရွံ့နေမှာ မဟုတ်ဘဲ သူတို့ဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ဖို့ ကျမ်းသစ္စာ ကျိန်ဆိုထားတဲ့ အမေရိကန်ကို ချစ်မြတ်နိုးတဲ့ စစ်ပြန်တွေ အမျိုးသား လုံခြုံရေးကျွမ်းကျင်သူတွေ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ကျမ်းသစ္စာ ကျိန်ဆိုမှုဟာ တစ်သက်တာ အတွက် ဖြစ်ပါတယ် ဘယ်လိုပဲ ခြိမ်းခြောက်မှုတွေ ရှိပါစေ ကျွန်တော်တို့ရဲ့ သန္ဓိဌာန်ကို တားဆီးနိုင်မှာ မဟုတ်ပါဘူးလို့ ဒီမိုကရက်တို့က ပြောကြားထားပါတယ်။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.