ဂါဇာ စီးတီး၊ နိုဝင်ဘာ ၂၁
နိုဝင်ဘာ ၂၀ ရက်က အစ္စရေးရဲ့ ထပ်မံတိုက်ခိုက်မှုအတွင်း လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးအရာရှိတွေက ပြောကြားပြီးနောက် အစ္စရေးနဲ့ဟားမာ့စ်အဖွဲ့ကြား ငြိမ်းချမ်းရေး သဘောတူညီမှုဟာ အသစ်စက်စက် တိုက်ခိုက်မှုများကြောင့် အားလျော့သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ငြိမ်းချမ်းရေး ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ကာတာက ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက်က ငြိမ်းချမ်းရေး သဘောတူညီမှု အသက်ဝင်လာပြီးနောက်ပိုင်း ဂါဇာ ကမ်းမြောင်ဒေသမှာ လူသေဆုံးမှု အများဆုံး နေ့ရက်တစ်ရက်နဲ့ ကြုံတွေ့ခဲ့ရပြီးနောက် မနက်ပိုင်းမှာ အစ္စရေးက တိုက်ခိုက်မှုတွေ ထပ်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးဟာ လက်ဘနွန်မှာလည်း အပစ်ရပ်ဖို့ သဘောတူထားပေမယ့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပြီးခဲ့တဲ့ ရက်ပိုင်းကရော အရင်ကရော တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။
နိုဝင်ဘာ ၂၀ ရက် မနက်စောစောပိုင်းက အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လူ ၄ ဦး သေဆုံးခဲ့တယ်လို့ ခန်ယောနိစ်ဒေသ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
ဟားမာ့စ်အဖွဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဒေသဆိုင်ရာ အရပ်ဖက် ကာကွယ်ရေးအဖွဲ့ကတော့ လူ ၃ ဦး သေဆုံးတယ်လို့ ဆိုပါတယ်။

ခန်ယောနိစ်မြို့ အရှေ့ဖက်ရှိ နေအိမ် တစ်အိမ်ကို လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်နှစ်အရွယ် မိန်းကလေး တစ်ဦး အပါအဝင် လူ ၃ ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
နောက်ထပ် တစ်ဦးလည်း မြို့ အရှေ့ဖက် အဘာဆန် အယ်လ် ကာဘီရာ ဒေသ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့တယ်လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။
ခန်ယောနိစ်ဒေသမှာ တိုက်ခိုက်မှုတွေ အမြဲမပြတ်ဆိုသလို ဆက်လက် ဖြစ်ပွားနေတယ်လို့ အမည်မဖော်လိုတဲ့ ဂါဇာ ပြည်ထဲရေးအရာရှိ တစ်ဦးက အစ္စရေးကို နာမည်မတပ်ဘဲ ပြော ပါတယ်။
ဟားမာ့စ်-အစ္စရေးစစ်ပွဲအတွင်း အဓိက ကြားဝင် စေ့စပ်ပေးသူဖြစ်တဲ့ ကာတာက အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပစ်ရပ်ရေး သဘောတူညီမှု အားလျော့သွားနိုင်တယ်လို့ ပြောကြားပြီး ပြစ်တင်ရှုတ်ချထားပါတယ်။
ဂါဇာ ဒေသခံတွေကတော့ နှစ်နှစ်ကြာ စစ်ပွဲ ဆက်လက် ဖြစ်ပွားနေသလို ခံစားရတယ်လို့ ပြောဆိုနေကြတာပါ။
အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်း အစ္စရေးက ဟားမာ့စ်ပစ်မှတ်တွေလို့ ဆိုတဲ့ နေရာတွေကို အကြိမ်ကြိမ် တိုက်ခိုက်နေပြီး ပါလက်စတိုင်းသား ၃၁၂ ဦး သေဆုံးခဲ့ကြောင်း ဟားမာ့စ် ဦးစီးတဲ့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက်က အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာ လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း အရပ်ဖက် ကာကွယ်ရေးအေဂျင်စီက ပြောပါတယ်။
စစ်ပွဲက ဆက်ဖြစ်နေဆဲပါပဲ ဘာမှပြောင်းလဲ မသွားပါဘူးလို့ ဂါဇာ မြောက်ပိုင်းက စစ်ဘေးရှောင် တစ်ဦး ဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် မိုဟာမက် ဟမ်ဒူနာက ပြောထားတာပါ။
ဂါဇာမှာ အရင်ကလောက် လူသေဆုံးမှုတွေ မများတော့ပေမယ့် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွားနေတာကြောင့် လူသေဆုံးမှုတွေ ဆက်ရှိနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်မှုအတွက် ကြားဝင် ညှိနှိုင်းပေးခဲ့သူတွေအနေနဲ့ အစ္စရေးကို ဖိအားပေးဖို့ အရေးတကြီးလိုအပ်နေပြီလို့ ဟားမာ့စ် အဖွဲ့က ပြောထားပါတယ်။
Source: AFP

