ဟောင်ကောင်၊ နိုဝင်ဘာ ၂၁

တရုတ်ရဲ့ တစ်ကမ္ဘာလုံး ငွေထုတ်ချေးမှုမှာ ချေးငွေ အများဆုံး လက်ခံရယူနေတာ အမေရိကန်နိုင်ငံ ဖြစ်ကြောင်း လေ့လာ တွေ့ရှိပြီး ဘေဂျင်းအစိုးရက ဖွံ့ဖြိုးဆဲနိုင်ငံတွေထက် ဝင်ငွေကောင်းတဲ့ နိုင်ငံတွေကို ငွေပိုချေးပေးနေကြောင်း တွေ့ရှိထားပါတယ်။

အမေရိကန်တက္ကသိုလ် ဝီလီယမ်နဲ့ မယ်ရီရဲ့ သုတေသနအဖွဲ့ AidData က ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ တရုတ်ဟာ ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ဒေသတိုင်းရှိ နိုင်ငံပေါင်း ၂၀၀ ကို ဒေါ်လာ ၂ ဒသမ၂ ထရီလီယံ ထုတ်ချေးပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

တရုတ်ဟာ သူတို့ရဲ့ ရပ်ဝန်းတစ်ခု လမ်းကြောင်း တစ်ခု စီမံကိန်းအရ ဖွံ့ဖြိုးဆဲ နိုင်ငံတွေကို ငွေထုတ်ချေးနေတဲ့ နိုင်ငံ ဖြစ်တယ်လို့ အများက ရှုမြင်ထားကြတာ ကြာပြီ ဖြစ်ပေမယ့် စီးပွားရေး အားကောင်းတဲ့ နိုင်ငံတွေကို ငွေထုတ်ချေးမှုက ပိုများနေကြောင်း လေ့လာမှုမှာ ဖော်ပြထားပါတယ်။

တရုတ်ငွေထုတ်ချေးတာက ဗျူဟာမြောက် အခြေခံ အဆောက်အဦတွေ၊ လျှပ်တစ်ပိုင်းကူး ပစ္စည်းတွေလို လုပ်ငန်းနယ်ပယ်တွေက နည်းပညာမြင့် ထောက်ပံ့ရေး ကွင်းဆက်တွေ၊ မှတ်ညဏ်တုနဲ့ သန့်ရှင်းတဲ့ စွမ်းအင်တို့အတွက် ငွေထုတ်ချေးမှု ပိုများကြောင်း လေ့လာတွေ့ရှိထားပါတယ်။

ဘေဂျင်းရဲ့ ငွေထုတ်ချေးမှု ပမာဏဟာ အရင်က ခန့်မှန်းထားတာထက် နှစ်ဆကနေ လေးဆလောက်အထိ ပိုများနေပြီး တရုတ်ဟာ ကမ္ဘာမှာ ငွေထုတ်ချေးမှု အများဆုံး နိုင်ငံ ဖြစ်ကြောင်း AidData က ဖော်ပြပါတယ်။

ဒီလေ့လာမှု ဖော်ပြချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ တောင်းဆိုရာမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက မိမိတို့ နိုင်ငံရဲ့ ပြည်ပ ရင်းနီးမြှုပ်နှံမှုတွေနဲ့ ဘဏ္ဍာငွေ စိုက်ထုတ်မှုတွေဟာ နိုင်ငံတကာ အလေ့အကျင့်တွေ၊ ဈေးကွက် မူဝါဒတွေ ကြွေးမြီဆိုင်ရာ မူဝါဒတွေကို လိုက်နာပြီး လုပ်ဆောင်ထားတာ ဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

ပြည်ပသို့ တရုတ်ရဲ့ ငွေထုတ်ချေးမှု စုစုပေါင်းရဲ့ လေးပုံသုံးပုံဟာ ဝင်ငွေ အလယ်အလတ်ထက် ပိုမြင့်တဲ့ နိုင်ငံတွေနဲ့ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေ ဖြစ်ကြောင်း လေလာမှုက ဖော်ပြထားပါတယ်။

ဒီလို တရုတ်ချေးငွေ လက်ခံရယူနေတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်က ထိပ်ဆုံးမှာ ရှိနေပြီး စီးမံကိန်းတွေနဲ့ လုပ်ရပ်ပေါင်း ၂၅၀၀ နီးပါးအတွက် ချေးငွေ ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရယူထားကြောင်း လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ဘေဂျင်းက နည်းပညာမြင့် ကုမ္ပဏီတွေရဲ့ ဝယ်ယူမှုအတွက် ငွေကြေးစိုက်ထုတ်ပေးနေတာလည်း တွေ့ရကြောင်း လေ့လာမှုမှာ ဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.