မကွေး နိုဝင်ဘာ ၁၃
မကွေးတိုင်း ပွင့်ဖြူမြို့နယ်ထဲက မဲစာရင်းကြေညာထားတဲ့နေရာတွေမှာ စစ်ကော်မရှင်က မဲပုံးတွေ ထားနေပြီဖြစ်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပွင့်ဖြူမြို့နယ်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာပါဝင်ပြီး နိုဝင်ဘာ ၁၀ ရက်ကစလို့ မဲရုံအဖြစ် ဆောင်ရွက်မယ့် စာသင်ကျောင်းတွေမှာ မဲပုံးတွေ စတင်ထားရှိတာဖြစ်တယ်လို့ သိရပါတယ်။
“ကျောင်းထဲကို စစ်ကားတွေနဲ့လာပြီးတော့ မဲပုံးတွေထားသွားတာ။ ပြီးတော့ အဲဒီနားတစ်ဝိုက်ကိုလည်း ပျူတွေ၊ စခတွေ၊ ရဲတွေ ကင်းပတ်တာမျိုးတွေလည်း လုပ်နေတယ်။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မဲစာရင်းတွေကိုတော့ ကြေညာထားပေမယ့် မဲပေးရမယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကိုတော့ ပွင့်ဖြူမြို့နယ်မှာ ကြေညာထားတာမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပွင့်ဖြူမြို့နယ်မှာ သြဂုတ်လမှ စက်တင်ဘာလအထိ စစ်ကော်မရှင်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား မကြာခဏတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံ ၂၀၀၀၀ ကျော်ဟာ စစ်ရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲမတိုင်မီ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနိုင်တယ်လို့ စစ်ကော်မရှင်တပ်သားတွေနဲ့ နီးစပ်သူတွေက ပြောဆိုနေကြတာတွေလည်းရှိပါတယ်။
စစ်ကော်မရှင်ရဲ့မဲပုံးတွေထားတဲ့ စာသင်ကျောင်းတွေဟာ ဒေသကာကွယ်ရေးအဖွဲ့တွေ နယ်မြေစိုးမိုးထားတဲ့ နေရာတွေနဲ့ ဝေးကွာတဲ့ကျေးရွာတွေဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေရဲ့ စိုးမိုးနယ်မြေတွေနဲ့ နီးစပ်တဲ့နေရာတွေမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လှုပ်ရှားမှုမရှိဘူးလို့ သိရပါတယ်။
စစ်ကော်မရှင်က ပြုလုပ်မယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ပွင့်ဖြူမြို့နယ် ဒေသ ကာကွယ်ရေးအဖွဲ့တွေဘက်က ထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

