မော်လမြိုင်၊ နိုဝင်ဘာ ၁၄
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း စစ်ကော်မရှင် လက်ချက်ကြောင့် အရပ်သားပြည်သူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး ၅၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၅၉ ခုထက်မနည်း ကျူးလွန်ခဲ့တာဖြစ်ပြီး အဲဒီထဲမှာ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း အကြိမ် ၂၅၀ အထိ ကျူးလွန်ခဲ့တာပါ။
စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၈၅ ဦးသေဆုံးခဲ့ပြီး ၅၂၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၈ ဦး ပါဝင်တယ်လို့ NUG က ဆိုထားပါတယ်။
အလားတူ စစ်ကော်မရှင်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၁ ကြိမ် ကျူးလွန်ခဲ့ပြီး လူပေါင်း ၁၁၆ ဦး သေဆုံးခဲ့ကာ ၁၈ နှစ်အောက် ကလေးငယ် ၁၆ ဦးအထိ ပါဝင်ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ အခုလို ကျူးလွန်မှုတွေကို သက်သေအထောက်အထားအပြည့်နဲ့ စုဆောင်းထားပြီး ကျူးလွန်သူနဲ့ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရဖို့ သက်သေမှတ်တမ်းအဖြစ် စုဆောင်းထားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တရားမဝင်ရွေးကောက်ပွဲကို ကျင်းပဖို့ ကြိုးစာနေတာနဲ့အမျှ ပြည်သူလူထုကို ဖမ်းဆီးထောင်ချတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို အကြောက်တရားရိုက်သွင်းပြီး အတုအယောင် ရွေးကော်ပွဲကို ပုံဖော်နေတယ်လို့ NUG အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
Photo-EIO(ဆက်သွယ်ရေးနဲ့ ပြန်ကြားရေး)

