နယူးယောက်၊ နိုဝင်ဘာ ၁၄
၂၀၂၅ ဒီဇင်ဘာနဲ့ ၂၀၂၆ ဇန်နဝါရီကြား စစ်ကော်မရှင် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို စဉ်းစားလို့တောင် မရနိုင်ဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဗိုလ်ကာ တက်ခ်က ပြောလိုက်ပါတယ်။
တော်လှန်ရေးတပ်တွေက သူတို့ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပခွင့် ပြုမှာ မဟုတ်ဘူးလို့ ပြောထားပြီး စစ်တပ် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့လည်း ရွေးကောက်ပွဲကို ဝေဖန်ရုံနဲ့ ထောင်ဒဏ် ဒါမှမဟုတ် သေဒဏ် ချမှတ်ခံရနိုင်တဲ့ ဥပဒေတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ကံမကောင်းတာက မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ မီဒီယာတွေ အာရုံ မစိုက်နိုင် ဖြစ်နေပြီး ပြည်သူတွေ ဒုက္ခရောက်နေကြရတယ်လို့ ဗိုလ်ကာ တက်ခ်က ပြောပါတယ်။
NLD ပါတီ အပါအဝင် ဒီမိုကရေစီ လိုလားတဲ့ အုပ်စုတွေက ရွေးကောက်ပွဲကို အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောဆိုပြီး ပယ်ချထားကြပါတယ်။
KNU နဲ့ NUG တို့ကလည်း ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ဆော်သြထားပါတယ်။

စစ်တပ်က ဒေသအများကြီးအပေါ် မအုပ်ချုပ်နိုင်တော့တဲ့ အနေအထားမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဘူးလို့ လေ့လာသူတွေက ဆိုပါတယ်။
နိုင်ငံတကာရဲ့ ကန့်ကွက်ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်လာရတဲ့အချိန်မှာ စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ရွေးကောက်ပွဲဟာ ပြည်တွင်းရေး ဖြစ်ပြီး မြန်မာ ပြည်သူတွေက ထောက်ခံရင် အောင်မြင်ပြီ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
လက်တွေ့မှာတော့ စစ်ကော်မရှင် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို မထောက်ခံသူ များပြားနေကြောင်း မကြာသေးခင်ကကောက်ယူခဲ့တဲ့ စစ်တမ်း တစ်ရပ်မှာ ဖော်ပြထားပါတယ်။
အတိုက်အခံ နိုင်ငံရေးပါတီတွေကို တားမြစ်ထားပြီး နိုင်ငံရေးသမား အများအပြားကို ဖမ်းဆီး ထောင်ချထားချိန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ မရှိဘူးလို့ ကုလ အကြီးအကဲကလည်း ပြောဆိုထားပါတယ်။
စစ်ခေါင်းဆောင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ အကြောင်းမရှိတာကြောင့် မိမိတို့ ထောက်ခံမှာ မဟုတ်ကြောင်း နယူးဇီလန်လွှတ်တော်က ကြေညာထားပါတယ်။
စစ်ကော်မရှင် ခန့်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကို သုံးပိုင်းခွဲပြီး ကျင်းပဖို့ စီစဉ်ထားပြီး စစ်တပ်က သူတို့ ထိန်းချုပ်မထားနိုင်တဲ့ ဒေသတွေမှာလည်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။
မှတ်ပုံတင်ထားတဲ့ ပါတီ ၅၇ ခုရှိပြီး ကြံ့ခိုင်ရေးအပါအဝင် ၆ ပါတီက နိုင်ငံတဝှမ်း ရွေးကောက်ပွဲ ဝင်ပြိုင်ဖို့ စီစဉ်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့ပေါင်း ၃၃၀ ထဲက ၂၇၄ မြို့မှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပေမယ့် စစ်တပ် မထိန်းချုပ်နိုင်တဲ့ မြို့တွေလည်း ပါဝင်နေတာကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ မသေချာတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဒီအတောအတွင်း ရွေးကောက်ပွဲကို ဝေဖန်မှု နှောင့်ယှက်မှု စွဲချက်နဲ့ အရေးယူခံထားရတဲ့ ပြည်သူ ၁၂၀ ကျော်ရှိပြီး ဖြစ်ကြောင်း လေ့လာသူတွေရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
Ref: DVB

