ဝါရှင်တန်၊ နိုဝင်ဘာ ၁၃

အမေရိကန် နိုင်ငံသားတွေအပါအဝင် လူထောင်ပေါင်းများစွာကို ပစ်မှတ်ထားနေတဲ့ ကျားဖြန့် လုပ်ငန်းတွေကို သူတို့ထိန်းချုပ်ထားရာ ဒေသကနေ ကူညီထောက်ပံ့ပေးတဲ့အတွက် မြန်မာ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ကို အမေရိကန်က နိုဝင်ဘာ ၁၂ ရက်မှာ ဘဏ္ဍာရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်ပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့ DKBA နဲ့ ခေါင်းဆောင်လေးဦးအပြင် စီးပွားရေးလုပ်ငန်းတွေနဲ့ ထိုင်းနိုင်ငံသား တစ်ဦးတို့ကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

သူတို့ဟာ တရုတ် ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွယ်မှုရှိပြီး ထိုင်းနယ်စပ်တလျှောက် ကျားဖြန့်ဂိုဏ်းတွေ တည်ထောင်လုပ်ကိုင်ရာမှာ ပါဝင်ပတ်သက်နေသူတွေ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

မကြာသေးခင်နှစ်တွေက အရှေ့တောင်အာရှတဝှမ်း ရာဇဝတ်ဂိုဏ်းတွေက လူထောင်ပေါင်းများစွာကို လူမှောင်ခိုကူးပြီး မြန်မာနိုင်ငံမှာ အများစုရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေမှာ အလုပ် စေခိုင်းထားပါတယ်။

မြန်မာနိုင်ငံမှာ လှုပ်ရှားနေတဲ့ ရာဇဝတ်ကွန်ရက်တွေဟာ အွန်လိုင်းလိမ်လည်မှုတွေကတဆင့် အလုပ်ကြိုးစားတဲ့ အမေရိကန်နိုင်ငံသားတွေဆီကနေ ဒေါ်လာ ဘီလီယံနဲ့ချီ ခိုးယူနေတယ်လို့ အကြမ်းဖက်ဝါဒနဲ့ ဘဏ္ဍာရေးဆိုင်ရာ ထောက်လှမ်းရေး အမေရိကန် လက်ထောက်ဝန်ကြီး ဂျွန် ဟာလေက ပြောပါတယ်။

“အဲဒီ ကွန်ရက်တွေကပဲ လူသားတွေကို မှောင်ခိုကူးနေကြပြီး မြန်မာနိုင်ငံရဲ့ ဆိုးရွားလှတဲ့ ပြည်တွင်းစစ်ကို လောင်စာဖြည့်ဖို့ ကူညီပေးနေပါတယ်။ အဲဒီ ဆိုက်ဘာ ရာဇဝတ်ကောင်တွေကို သူတို့ ဘယ်နေရာမှာပဲ လှုပ်ရှားလှုပ်ရှား ကျွန်တော်တို့ အရေးယူဖို့ အမေရိကန် မိသားစုတွေကို အသုံးမခံရအောင် ကာကွယ်ပေးဖို့ လိုအပ်တဲ့ နည်းလမ်း မှန်သမျှကို အစိုးရက အသုံးပြုသွားမှာ ဖြစ်ပါတယ်”လို့ လက်ထောက်ဝန်ကြီး ဂျွန်က ဖြည့်စွက် ပြောပါတယ်။

တရုတ် ရာဇဝတ်ဂိုဏ်းနဲ့ ဆက်နွယ်နေတဲ့ ထိုင်းနိုင်ငံသား ချာမူ ဆာဝမ်နဲ့ အတူ Trans Asia International Holding Group Thailand Co Ltd နဲ့ Troth Star Co Ltd ကုမ္ပဏီ နှစ်ခုကိုလည်း ပစ်မှတ်ထား အရေးယူထားတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြား ပါတယ်။

ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်နွယ်နေသူတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အရင်ကလည်း အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ အခြေစိုက်တဲ့ အွန်လိုင်း လူလိမ်ဂိုဏ်းတွေက ၂၀၂၄ ခုနှစ်အတွင်း အမေရိကန် နိုင်ငံသားတွေဆီက ဒေါ်လာ ၁၀ ဘီလီယံထက် မနည်း ခိုးယူခဲ့တယ်လို့ အမေရိကန်အစိုးရက ခန့်မှန်းထားပါတယ်။

ဒါဟာ အဲဒီကာလမတိုင်ခင် တစ်နှစ်ကထက် ၆၆ ရာခိုင်နှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.